ပေါ်တူဂီနဲ့အတူ ပူးပေါင်းပြီး လေ့ကျင့်မှုတွေစတင်နေတဲ့ ရော်နယ်ဒိုကတော့ လေ့ကျင့်ရေးကွင်းက ပုံရိပ်တွေကို သူ့ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားခဲ့ပါပြီ။ ဓာတ်ပုံတွေထဲမှာတော့ ရော်နယ်ဒိုတယောက် ပျော်ရွှင်နေတာကို မြင်တွေ့ရပြီး အသင်းဖော်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိနေတာကိုလည်း တွေ့ရမှာပါ။ ယူနိုက်တက်အတွက် နောက်ဆုံး ၂ ပွဲဆက်တိုက် လွဲချော်ခဲ့တဲ့ ရော်နယ်ဒိုက နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလားကို စတင်ဖို့ အသင့်ဖြစ်နေပါပြီ။
"လက်ရွေးစင်အသင်းပေါ်မှာပဲ လုံး၀အပြည့်အ၀အာရုံစိုက်ထားပါတယ်၊ ပန်းတိုင်တခုဆီကို ဦးတည်နေတဲ့ ညီညွှတ်တဲ့အစုအဖွဲ့၊ ပေါ်တူဂီသားအားလုံးရဲ့ အိပ်မက်ကို အကောင်အထည်ဖော်သွားမှာပါ" လို့လည်း သူက ရေးသားထားပါတယ်။ ယူနိုက်တက်နဲ့ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေကို ရော်နယ်ဒိုက ခေါင်းထဲက ဖယ်ထုတ်ထားပြီး လက်ရွေးစင်အသင်းအတွက်ပဲ အာရုံစိုက်နေတယ်လို့ ဆိုလိုဟန်ရှိပါတယ်။
သူ့ရဲ့ အင်တာဗျူးက တော်တော်လေးဂယက်ရိုက်ခဲ့ပြီး ယူနိုက်တက်အသင်းတွင်းနဲ့ ပရိသတ်တွေကြားမှာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ရပါတယ်။ လက်ရှိအချိန်ထိတော့ ဒီ အင်တာဗျူးနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုက ဘာမှပြောဆိုတာမျိုးမရှိသေးဘဲ ကမ္ဘာ့ဖလားအတွက်ကိုပဲ အာရုံစိုက်ပြင်ဆင်နေကာ သူ့အတွက် နောက်ဆုံးဖြစ်လာမယ့် ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ဖို့အတွက် အားထုတ်ရမှာပါ။
ရော်နယ်ဒိုကတော့ ယူနိုက်တက်အတွက် ဒီရာသီမှာ ၃ ဂိုးတည်းသာ သွင်းယူပေးထားပြီး အသင်းမှာ အဆင်မပြေဖြစ်နေခဲ့တာပါ။ သူ့ရဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုခဲ့တဲ့ စကားတွေကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာသွားဖို့ သေချာနေပြီဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပြီး စပို့တင်းလစ္စဘွန်းကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။