ပေါ်တူဂီသာမပါဝင်ဘူးဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာက မရှိဘူးလို့ ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုက ပြောဆိုလိုက်ပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာဖြစ်ပြီး မြောက်မက်ဆီဒိုးနီးယားနဲ့ပွဲဟာ သေရေးရှင်ရေးလိုမျိုး အရေးပါတဲ့ပွဲစဉ်လည်းဖြစ်တယ်လို့ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးက ဆိုပါတယ်။
"ကျနော်တို့တသင်းလုံးယုံကြည်မှုရှိပါတယ်၊ ကစားသမားအားလုံးအသင့်ဖြစ်နေပြီလို့ ကျနော်ခံစားရတယ်၊ ကျနော်တို့အတွက် ဒီပွဲက သေရေးရှင်ရေးပါပဲ၊ အရေးကြီးတယ်ဆိုတာကို သိထားပြီးတော့ မနက်ဖြန်မှာ မယုံနိုင်လောက်စရာပံ့ပိုးပေးမှုတွေကို ပြုလုပ်ပေးဖို့အတွက် ပရိသတ်တွေကို ကျနော်မေတ္တာရပ်ခံပါတယ်၊ သူတို့ရဲ့ အားပေးမှုတွေကို အခွင့်အရေးအဖြစ် အသုံးချမှာပါ"
"ပေါ်တူဂီသာမပါဝင်ဘူးဆိုရင် ကမ္ဘာ့ဖလားဆိုတာမရှိပါဘူး၊ တဦးတယောက်တည်းကို ကိုယ်စားပြုပြီးပြောတာမဟုတ်ပါဘူး (ခင်ဗျားမပါတဲ့ ကမ္ဘာ့ဖလားက အရင်ပြိုင်ပွဲတွေနဲ့ အတူတူပဲဖြစ်မလားဆိုတဲ့မေးခွန်းကို တုံ့ပြန်)၊ အသင်းအစုအဖွဲ့တခုအနေနဲ့ ကျနော်ပြောတာပါ၊ သူတို့က အီတလီကို အံ့အားသင့်စေခဲ့ပေမယ့် ကျနော်တို့ကိုတော့ မရပါဘူး၊ အနိုင်ရဖို့ ကျနော်တို့မှာ ယုံကြည်ချက်ရှိပါတယ်" လို့ ရော်နယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။
မြောက်မက်ဆီဒိုးနီးယားကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဝေးကွင်း နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရထားကာ ပေါ်တူဂီကို ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံထားရတဲ့ အသင်းဖြစ်ပါတယ်။