အခုချိန်က မြန်မာနိုင်ငံမှာဆိုရင် ရာသီအကူးအပြောင်းချိန်ရောက်ပြီမို့ အများစု ဖျားနာတတ်ကြတဲ့ အချိန်ပါပဲ။
လက်ရှိအချိန်မှာ ရာသီတုပ်ကွေးနဲ့ ကိုဗစ်၁၉ ကြောင့် ဖျားနာကိုက်ခဲမှုတွေ ရှိနေပြီး အိမ်တိုင်းလိုလိုမှာ ဖျားနာ ၊ နေမကောင်းတဲ့ လူနာ ရှိနေတတ်ပါတယ်။အအေးမိတာ ၊ ဖျားနာတာ ၊ ရာသီတုပ်ကွေး ဘာကြောင့်ပဲ ဖျားဖျား အများစုက ခံတွင်းပျက်ပြီး အစားမစားချင်တော့ပါဘူး။အဲဒီအခါအိမ်က မိသားစုတွေကလည်း လူနာကို ဆန်ပြုတ် ၊ ကြက်ပြုတ်ကလွဲရင် ဘာကျွေးရမှန်းမသိဘဲ လုံးလည်ချာလည်လိုက်ရင်း လူနာက အစားအသောက်ပိုပျက်တတ်ပါတယ်။ဒါကြောင့် ဖျားနာလူနာတွေ ဘယ်လို အစားအသောက်တွေ စားလို့ရလဲ ၊ စားသင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
ဟင်းရည်နွေးနွေးများ
Photo: iCare
ကြက်သား၊ အမဲသား (သို့) ဟင်းသီးဟင်းရွက်တို့ကို စွပ်ပြုတ် ၊ ဟင်းချိုရည်အဖြစ် စားသုံးခြင်းက ဖျားနာလူနာတွေအတွက် အကောင်းဆုံးပါပဲ။ ဖျားနာနေတဲ့သူတွေဟာ ပရိုတင်းဓာတ်လိုအပ်တဲ့အပြင် ရေဓာတ်ပြည့်ဝဖို့ပါ လိုအပ်တာကြောင့် အသားပြုတ် ၊ အသီးအရွက်ပြုတ်လေးတွေနဲ့ စွပ်ပြုတ်တွေဟာ ပရိုတင်းဓာတ်ရရှိဖို့နဲ့ ဟင်းရည်နွေးနွေးလေးက လည်ချောင်းနာတာကို သက်သာစေပါတယ်။
ကြက်စွပ်ပြုတ်
Photo: 30Seconds
ကြက်စွပ်ပြုတ်ဟာ လူမမာတွေ မုန်းတဲ့အစားအစာဆိုပေမယ့် တကယ်တော့ အသင့်တော်ဆုံးပါပဲ။ကြက်စွပ်ပြုတ်ဟာ ခန္ဓာကိုယ်ကိုသံဓာတ်နှင့်ပရိုတင်းဓာတ်ထောက်ပံ့ပေးတာကြောင့် ဖျားနာတဲ့အချိန် ကိုယ်ခံအားကောင်းဖို့ စားသောက်သင့်ပါတယ်။ဒါပေမယ့် ပုံမှန်ဖြူလျော်လျော် ကြက်ပြုတ်တွေကိုတော့ ဖျားနာသူက ခံတွင်းတွေ့မှာ မဟုတ်ပါဘူး။ဒါကြောင့် ကြက်စွပ်ပြုတ်မှာ မုန်လာဥ ၊ တရုတ်နံနံ နဲ့ အသီးအရွက်လေးတွေထည့်ပြီး ချက်ပြုတ်ခြင်းက ကြက်စွပ်ပြုတ်ရဲ့ အာဟာရတန်ဖိုးကို မြှင့်ပေးပြီး ဖျားနာသူရဲ့ စားချင်စိတ်ကို ဆွဲဆောင်နိုင်ပါတယ်။
ကြက်သွန်ဖြူ
Photo: OnHealth
ကြက်သွန်ဖြူကို ဟင်းခေတ်အမွှေးအကြိုင်အဖြစ်တင်မက ဆေးဖက်ဝင်အစားအစာအဖြစ် ရာစုနှစ်များစွာကတည်းက သုံးစွဲခဲ့ကြတာပါ။ ကြက်သွန်ဖြူဟာ တုပ်ကွေးရောဂါအတွက် ခုခံအားကို မြှင့်တင်ပေးပြီး ရောဂါပြင်းထန်မှုကို လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူ အစိမ်းစားခြင်း ၊ ဒါမှမဟုတ် စားတဲ့အစားအစာမှာ ကြက်သွန်ဖြူထည့်စားခြင်းက ဖျားနာလူနာတွေအတွက် ကိုယ်ခံအားကို တိုးမြင့်စေပါတယ်။
ဒိန်ချဉ်
Photo: Asianet
ဒိန်ချဉ်ဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ဒါ့အပြင် ဒိန်ချဉ်ဟာ လည်ချောင်းနာခြင်းကိုလည်း သက်သာစေပါတယ်။လည်ချောင်းနာနေတဲ့အချိန်မှာဆိုလည်း ဒိန်ချဉ်သောက်သုံးနိုင်ပေမယ့် သကြားတော့မထည့်သင့်ပါဘူး။ဒါ့အပြင် ပျို့အန်ချင်တာနဲ့ အစားမစားချင်တာကို သက်သာစေပါတယ်။
အရွက်စိမ်းစိမ်းများ
Photo: Everyday Health
ဟင်းနုနွယ်ရွက်၊ ကိုက်လန်အပါအဝင် အရွက်စိမ်းစိမ်းများမှာပါဝင်တဲ့ ဓာတ်တွေဟာ ဖျားနာ ၊ တုပ်ကွေးဖြစ်နေတဲ့အခါမှာ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။အရွက်တွေကို ပြုတ်ပြီး သံပုရာရည် ဒါမှမဟုတ် သံလွင်ဆီနဲ့ သုပ်စားတာဟာ ကျန်းမာရေးနဲ့ အလွန်ညီညွတ်သင့်တော်ပါတယ်။
ပျားရည်
Photo: Fitness Graft
ပျားရည်ဟာ အရသာရှိရုံသာမက အအေးဒဏ်ကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိပါတယ်။ ပျားရည်ဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အပြင် antibacterial ဂုဏ်သတ္တိရှိတာကြောင့် ရောဂါပိုးကို သေစေတဲ့အပြင် လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ဒါကြောင့် ပျားရည်ကို မနက်ခင်းမှာ စားပွဲတင်ဇွန်းတစ်ဇွန်းစာ ပမာဏကို ဒီအတိုင်း ဒါမှမဟုတ် ရေနွေးနဲ့ သောက်သုံးနိုင်ပါတယ်။
ဖျားနာတုပ်ကွေးဖြစ်တဲ့အခါမှာ အစားစားတာနည်းခြင်း ၊ ရေသောက်နည်းခြင်းအပြင် ချွေးထွက်တာကြောင့် ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။လူ့ခန္ဒာကိုယ်မှာ ရေဓာတ်ဟာ အလွန်အရေးကြီးပါတယ်။ဒါကြောင့် ဖျားနာတဲ့ အချိန်မှာ ရေသောက်ပါ ၊ ဟင်းရည် ၊ ဂျင်းလက်ဖက်ရည် ၊ ပျားရည် ၊ သံပုရာလက်ဖက်ရည် ၊ အုန်းရည်နဲ့ သကြားပါဝင်မှုနည်းတဲ့ အချိုရည်တွေကို သောက်သုံးပေးပါ။
Ref: Healthline
Share