ဖေဖေမေမေတို့အနေနဲ့ ကိုယ့်ရင်သွေးငယ်တွေ ဖျားနာတဲ့အခါ စိတ်ပူပန်မှု ကြီးတတ်ကြပြီး သူတို့ငယ်ငယ်က ကြုံခဲ့ရတဲ့ ကြားဖူးနားဝ ပြုစုစောင့်ရှောက်မှုတွေနဲ့ ကလေးကို ဖျားနာခြင်းကနေ သက်သာအောင် ဂရုစိုက်ပေးတတ်ကြပါတယ်။ မွေးကင်းစကနေ ကျောင်းနေအရွယ်အထိ ဘယ်အရွယ်ကလေးကိုမဆို ပြုစုတဲ့အခါ ဖေဖေမေမေတို့ လုပ်မိလိုက်တဲ့ တစ်ချို့အရာတွေက အယူအဆအလွဲလေးတွေ ဖြစ်တာကြောင့် ကလေးတွေအတွက် ပိုပြီး အန္တရာယ်ဖြစ်စေတဲ့အတွက် သေချာသတိပြုဖို့ လိုအပ်ပါတယ်။
ကလေးတွေ ဖျားနာတဲ့အခါ လုပ်မိတဲ့ အယူအဆအလွဲလေးတွေ
အဝတ်အစားထူထူထဲထဲကြီးတွေ ပေးဝတ်ကြတယ်။
ကလေးလေးတွေ ဖျားနာတဲ့အခါ မေမေတွေက ဘာကို အရင်ဆုံးလုပ်မိလဲဆိုရင် အနွေးထည်ထူထူကြီးတွေ ဝတ်ပေးကြတယ်။ စောင် အထူကြီးတွေ ပေးခြုံကြတာမျိုးတွေ လုပ်မိတတ်ကြပါတယ်။ တကယ်တော့ ကလေးက အဖျားကြီးတယ်ဆို အဲလိုမျိုး ခန္ဓာကိုယ်ကို ထုပ်ပေးခြင်းအားဖြင့် အပြင်ရော အထဲမှာပါ ပူပြီးတော့ ကိုယ်အပူချိန်က ပိုပြီးမြင့်တက်လာပါတယ်။ အဲဒါကြောင့်မို့ တချို့ကလေးတွေဆို ဖျားပြီး တက်ခြင်းမျိုး ဖြစ်တတ်ပါတယ်။
Photo: Freepik
ရေမချိုးပေးဘူး။
လေစိမ်းတိုက်မှာ စိုးတာကြောင့် အခန်းတံခါးတွေ အကုန်ပိတ်ထားတဲ့အပြင် ရေနဲ့ပေးမထိတာ၊ ရေမချိုးပေးတာ လုပ်တတ်ကြပါတယ်။ မေမေတို့ ထင်နေတာက ဘာလဲဆိုတော့ ကလေးက ဖျားနေတဲ့ အတွက်ကြောင့်မို့လို ရေချိုးလိုက်ရင် အအေးပိုမိပြီး ဖျားမယ်ဆိုပြီး ထင်ကြပြီးတော့ ရေမချိုးပေးတာ၊ အဝတ်အစားထူထူတွေ ပေးဝတ်တာမျိုးတွေ လုပ်မိကြတာပါ။
အစာမကျွေးဘူး။
နောက်တစ်ချက်ကတော့ ဖျားနာနေတဲ့ကလေးကို အစာမကျွေးတာ၊ ထမင်းမကျွေးတာမျိုး လုပ်မိကြတာပါ။ ဘာလို့လဲဆိုတော့ အစားကျွေးရင် ပိုအဖျားတက်မယ်လို့ ယူဆတတ်ကြပါတယ်။ ကလေးတွေက ဖျားတဲ့အချိန်မှာ ကိုယ်ခံအား ကျဆင်းနေတာဖြစ်တဲ့အတွက် အစာဖြတ်လိုက်တဲ့အခါ ပိုဆိုးသွားနိုင်တယ်ဆိုတာကို သတိပြုပါ။
Photo :Freepik
မက်ကလောင်ဖောက်တယ်။
ဒါကတော့ ကျေးလက်တောရွာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ ကျေးရွာတွေမှာ ကလေးက အဖျားအရမ်းကြီးတဲ့အခါ မက်ကလောင် ဖောက်ရတယ်ဆိုပြီး အယူအဆတွေ ရှိတတ်ကြပါတယ်။ မက်ကလောင်ဖောက်တယ်ဆိုတာ လက်ထိပ်၊ ခြေထိပ်တွေကို ကြိုးနဲ့တင်းတင်းစည်းပြီး အပ်နဲ့ဖောက်ကြတာပါ။ ဒါ့အပြင် စအိုပတ်လည်ကိုလည်း ဖောက်တတ်ကြပါတယ်။ အဲဒီလို ဖောက်တဲ့အခါ သွေးမဲမဲတွေ ထွက်လာတာက အဖျားကျနိုင်တယ်ဆိုပြီး မှတ်ယူကြပြီး မက်ကလောင်ဖောက်ကြတဲ့အလေ့အထကို လုပ်ကြတာပါ။ တကယ်တော့ လက်ထိပ်၊ခြေထိပ်တွေကို တင်းကျပ်စွာစည်းလိုက်တဲ့အခါ အဲဒီနေရာကို အောက်ဆီဂျင်မရတော့ဘဲ သွေးမဲတွေ ထွက်ကြလာတာက ဖြစ်ရိုးဖြစ်စဥ◌်တစ်ခုပါ။ ဒီလိုမျိုးသွေးဖောက်ခြင်းက အပူရှိန်ကြီးပြီး အဖျားကြီးတာတွေ ဖြစ်နိုင်တဲ့အတွက် အလွန်ကို အန္တရာယ်ကြီးပါတယ်။ ဒါ့အပြင် တစ်ခြားရောဂါပိုးတွေ ဝင်လာပြီးတော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင် တဲ့အပြင် သွေးဆိပ်တက်ခြင်းအထိဆိုးရွားနိုင်ပါတယ်။ ဒါကြောင့်မို့ မက်ကလောင်ဖောက်ခြင်းကို လုံးဝမပြုလုပ်သင့်ပါဘူး။
ကလေးဖျားရင် ဘယ်လို ဂရုစိုက်ပေးမလဲ
ကလေးက အဖျားကြီးလာရင် ရေပက်လေးတိုက်တာမျိုးလုပ်ပေးပါ။ အဲဒီအခါမှာ ကလေးက လန်းဆန်းသွားပြီးတော့ အဖျားလဲကျသွားပါမယ်။ အကောင်းဆုံးဖြစ်သင့်တာကတော့ ကလေးတွေ ဖျားပြီဆိုတာနဲ့ အင်္ကျီတွေ ပါးပါးဝတ်ပေးမယ်။ လေစိမ်းတိုက်ခံတာမျိုး အဲကွန်လေးကို တအားမြှင့်ထားတာမျိုးမဟုတ်ဘဲ လေကောင်းလေသန့်ရအောင် ထားပေးမယ်။ အစားအသောက်ကို အရင်ကျွေးနေသလိုမျိုး ထမင်းနဲ့ဟင်းအစား အစာကြေလွယ်စေတဲ့ အစာပျော့လေးတွေ ကျွေးပါ။ ကျွေးတဲ့အခါ နည်းနည်းနဲ့ ခဏခဏ ကျွေးပါ။ ဥပမာ - ဆန်ပြုတ်ကို ကြက်သားလေးနဲ့ ပြုတ်၊ ကြေအောင်ပြုတ် ကလေးကို နည်းနည်းစီကျွေးပါ။ အရည်များများတိုက်ပေးပါ။
“ကျန်းမာရေးအကြံဥာဏ်တွေကိုရယူတဲ့အခါမှာ ကြားဖူးနားဝထက် တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးတာဝန်ရှိသူတွေ၊ ဆရာဝန်တွေနဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့ အကြံပြုချင်ပါတယ်” လို့ ပန်းလှိုင်ဆေးရုံမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ မြတ်မြတ်နွယ်က ဆိုပါတယ်။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် ပန်းလှိုင်ဆေးရုံမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ မြတ်မြတ်နွယ်မှ ဝေမျှ အကြံပြုပေးထားခြင်းဖြစ်ပါသည်။