၄ ပွဲကစားအပြီး ပထမဆုံးဂိုးရရှိခဲ့တာပါ။

ဒဏ်ရာတွေနဲ့ လုံးပမ်းနေခဲ့ရပေမယ့် အခုအခါမှာတော့ အလုံးစုံသက်သာပျောက်ကင်းသွားပြီဖြစ်ကာ ပုံမှန်ခြေစွမ်းအတိုင်းကစားနိုင်ဖို့ကို ကြိုးစားနေတာဖြစ်ပါတယ်။


ထိုင်းလိဂ် ၂ ကလပ် ဖရေးယူနိုက်တက်အသင်းမှာ ကစားနေတဲ့ မြန်မာတိုက်စစ်မှူးကျော်ကိုကိုဟာ စက်တင်ဘာလ ၁၉ ရက်နေ့က ကစားခဲ့တဲ့ အယုဒ္ဓယယူနိုက်တက်နဲ့ပွဲမှာ သူ့အတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပွဲမှာ ဖရေးယူနိုက်တက်က ၂-၁ နဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပြီး ကျော်ကိုကိုက အနိုင်ဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။ 

ပွဲချိန် ၂၂ မိနစ်မှာ ဖရေးက ဦးဆောင်ဂိုးရခဲ့ပေမယ့် ချက်ချင်းဆိုသလိုပဲ ချေပဂိုးပြန်ပေးခဲ့ရပြီး ကျော်ကိုကိုက ၇၅ မိနစ်မှာ အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ကျော်ကိုကိုဟာ ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာထိပ်ဘယ်ခြမ်းအပြင်မှာ ပြိုင်ဘက်နောက်ခံလူကို ခြေယောင်ပြကာလိမ်ခေါက်ပြီး ညာခြမ်းကိုဆွဲဝင်ခဲ့ပြီး အမြင့်ဘောကန်သွင်းယူခဲ့ရာမှာ ဂိုးပေါက်ရှေ့အနည်းငယ်ထွက်နေတဲ့ ဂိုးသမားကိုကျော်ပြီး လှလှပပဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။




ဒီဂိုးက ကျော်ကိုကိုအတွက် ဖရေးအတွက် ၄ ပွဲကစားပေးအပြီး ပထမဆုံးရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဖရေးမှာ ကျော်ကိုကိုက ပုံမှန်ပါဝင်ကစားနေရတာဖြစ်ပြီး အသင်းတိုက်စစ်ပိုင်းနေရာစုံမှာ ကစားပေးနေတာကိုလည်း တွေ့မြင်နေရပါတယ်။ ထိုင်းကလပ်တွေဖြစ်တဲ့ ချင်းရိုင်၊ ဆာမတ်ပရာကန်၊ ဆူခိုထိုင်း၊ ချင်းမိုင်ယူနိုက်တက်တို့မှာ ကစားခဲ့တဲ့ ကျော်ကိုကို ထိုင်းငါးသင်းမြောက်ကလပ်အဖြစ် ဖရေးနဲ့ လက်တွဲနေတာလည်းဖြစ်ပါတယ်။ 


ဒဏ်ရာတွေနဲ့ လုံးပမ်းနေခဲ့ရပေမယ့် အခုအခါမှာတော့ အလုံးစုံသက်သာပျောက်ကင်းသွားပြီဖြစ်ကာ ပုံမှန်ခြေစွမ်းအတိုင်းကစားနိုင်ဖို့ကို ကြိုးစားနေတာဖြစ်ပါတယ်။ အယုဒ္ဓယနဲ့ပွဲစဉ်မှာတော့ သူ့ရဲ့အရင်ပုံစံမျိုးဖြစ်တဲ့ ပြိုင်ဘက်တွေကို လိမ်ခေါက်ကျော်ဖြတ်တာတွေကို ပြန်လည်မြင်တွေ့နေရပြီး သူ သွင်းယူခဲ့တဲ့ဂိုးကလည်း တော်တော်လေးလှပခဲ့ကာ သူ့ကိုအားပေးနေတဲ့ ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာကောင်းခဲ့ပါတယ်။ 

Share

Loading Next Article...
က္က