စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ မနေ့ညက မစ်ဒယ်ဘရော့ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဥ်မှာ တော်တော်လေးကို ဆိုးရွားတဲ့ ပုံစံနဲ့ ဖရီးကစ် ကန်ခဲ့ပြီး ပရိသတ်တွေကတော့ ပွဲအပြီးမှာ ဒီဖြစ်ရပ်ကို လှောင်ပြောင်နေကြပါတယ်။
ယူနိုက်တက်ကို အက်ဖ်အေဖလားမှာ ဖြုတ်ချထားတဲ့ မစ်ဒယ်ဘရော့တို့ အခုလည်း နောက်ထပ် ပရီးမီးယားလိဂ် အသင်းကြီးတသင်းကို အချိန်ပိုအထိ ခံကစားရင်း ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ စပါးနည်းတူပဲ ဟာရီကိန်းအနေနဲ့ ဒီရာသီအသင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး အသင်းကလည်း ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေပါတယ်။
မနေ့ကလည်း လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို ရှုံးနိမ့်ကာ အက်ဖ်အေဖလားက ထွက်ခဲ့ရပြီး ဖလားလက်မဲ့ရာသီတခုကို ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။ မစ်ဒယ်ဘရော့နဲ့ပွဲမှာ ဟာရီကိန်းက စပါးရရှိခဲ့တဲ့ ဖရီးကစ်ကို ကန်သွင်းတဲ့နေရာမှာ တော်တော်လေးကို ကံမကောင်း၊ အကြောင်းမလှဖြစ်ခဲ့ရတာပါ။
ဟာရီကိန်းတယောက် ဖရီးကစ်ကန်ဖို့ ပြေးလာရင်း ခြေထောက်တည်လိုက်ချိန်မှာပဲ ခြေချော်လဲသွားခဲ့ပြီး ဘောလုံးက လူတံတိုင်းကာထားတဲ့ မစ်ဒယ်ဘရော့ ကစားသမားတွေဆီကို အသာအယာရောက်ရှိသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင်မှာပဲ ဘီဘီစီရဲ့ ရုပ်သံတင်ဆက်သူ မော်ဘရေးက ဟာရီကိန်းကို ဖရီးကစ်ကန်ခိုင်းတာက သင့်တော်တဲ့ ကိစ္စမဟုတ်ဘူးလို့ သုံးသပ်ခဲ့ပါသေးတယ်။
ဟာရီကိန်းအဖြစ်ကို ပရိသတ်တွေက “ကျနော် ကိန်းကိုချစ်ခင်ပါတယ်။ ဒါပေမယ့် စပါးလေ့ကျင့်ရေးကွင်းအပြင် အခြားနေရာမှာ ကိန်း ဖရီးကစ်ကန်မယ့်ကိစ္စကို တရားမဝင်ကိစ္စအဖြစ် သတ်မှတ်သင့်ပါပြီ” “ကိန်း ဖရီးကစ် ကန်တဲ့အချိန်က နောက်ထပ်ဘီယာတခွက် ထပ်သောက်ရမယ့် အချိန်လို့ ပြောလိုက်တာပါပဲ”
“ကိန်းက အခုချိန်ထိ ဖရီးကစ်တွေ ကန်ခွင့်ရနေတုန်းပါ။ ဒါက တကယ်ကို မဖြစ်သင့်တော့ပါဘူး။ ဒီမိုက်ရူးရဲဆန်တဲ့ကိစ္စကို တားမြစ်မယ့်သူ ဘာလို့ တယောက်မှမရှိရတာလဲ” လို့ တွစ်တာပေါ်မှာ မေးခွန်းထုတ် နောက်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။