ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာတယောက် လေ့ကျင့်ရေးကွင်းမှာ ဖရီးကစ်အစွမ်းပြခဲ့တဲ့ ဗီဒီယိုက ပရိသတ်တွေအကြား ရေပန်းစားလျက်ရှိပါတယ်။ ဂျူနီယာဟာ လက်ရှိအချိန်မှာ ယူနိုက်တက် ယူ-၁၂ အသင်းမှာ ကစားနေပါတယ်။
ရော်နယ်ဒိုရဲ့သားကြီးဖြစ်တဲ့ အသက် (၁၁) နှစ်အရွယ် ဂျူနီယာဟာ ဖခင်ပြောင်းရွှေ့ရာ ကလပ်အသင်းတွေမှာ လိုက်ပါကစားနေတာပါ။ သူ့အနေနဲ့ ယူနိုက်တက် လူငယ်အသင်းမှာလည်း တော်တော်လေး ခြေစွမ်းပြနေပြီး အနာဂတ်အတွက် အားကိုးရမယ့် ကစားသမားအဖြစ် နည်းပြတွေရဲ့ အားကိုးသတ်မှတ်ခြင်းကို ခံထားရပါတယ်။
အခုတခါမှာလည်း ဂျူနီယာက ပရိသတ်တွေ သဘောကျလောက်စရာ စွမ်းဆောင်ရည်ကို ထပ်မံပြသခဲ့တာပါ။ ဂျူနီယာဟာ ဖရီးကစ် လေ့ကျင့်ခန်းမှာ သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို ကွက်တိထိမှန်အောင် ကန်သွင်းပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက သားဖြစ်သူ ဂျူနီယာက အဖေဖြစ်တဲ့ ရော်နယ်ဒိုထက်တောင် ဖရီးကစ်ပိုကောင်းနေပြီလို့ ချီးကျူးနေကြပါတယ်။
ဒီဗီဒီယိုကို အင်စတာဂရမ်မှာတင်ထားတာဖြစ်ပြီး ဂျူနီယာက ခရစ္စတီယာနိုရဲ့ ခြေရာကို လိုက်နင်းနေပြီလို့ ရေးသားခဲ့ပါတယ်။ ဂျူနီယာ ကန်သွင်းသွားတဲ့ နည်းစနစ်ကလည်း အရွယ်နဲ့မလိုက်အောင် ကောင်းမွန်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ရှေ့မှာ လူတံတိုင်းပုံစံအရာဝတ္ထုတွေကို ကာရံထားတဲ့ကြားကနေ ဝေ့ဝိုက်ပြီး အပေါ်ထောင့်ထဲ ဝင်အောင် ကန်သွင်းခဲ့တာပါ။
ရော်နယ်ဒိုဟာလည်း သူ့ရဲ့ ကစားသမားဘဝ ငယ်ဘဝမှာ ဖရီးကစ်ကနေ သွင်းဂိုးတွေ အကြိမ်ကြိမ် ရယူခဲ့ဖူးသူတယောက်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူက ဖရီးကစ်ကနေ သွင်းဂိုးရရှိဖို့ ခက်ခဲလာတာကိုလည်း မြင်တွေ့နေရပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုက နော့ဝစ်ချ်နဲ့ပွဲမှာ ဖရီးကစ်ကတဆင့် ယူနိုက်တက်အတွက် အနိုင်ဂိုးကို ပူပူနွေးနွေး သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။