ဂျူဗင်တပ်စ်ကွင်းလယ်လူပေါ့ဂ်ဘာဟာ တနှစ်အတွင်းမှာ ဂျူဗီအတွက် ၁ ပွဲသာ ပွဲထွက်ကစားနိုင်ခဲ့ပြီး အဆိုပါပွဲမှာလည်း ဒဏ်ရာရခဲ့လို့ လူစားလဲလှယ်ခဲ့ရပါတ်ယ။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ခရီမွန့်စ်နဲ့ စီးရီးအေပွဲမှာ သူ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း ပွဲချိန်အစောပိုင်းမှာပဲ ဒဏ်ရာရခဲ့လို့ လူစားလဲလှယ်ခဲ့ရကာ ထပ်မံအနားယူရဥိးမှာဖြစ်ပါတယ်။
အသက် ၃၀ အရွယ် ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်ကနေ ဂျူဗီကို ဒီရာသီမှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တရာသီလုံးနီးပါး အနားယူနေခဲ့ရပါတယ်။ အခုနောက်ဆုံးဒဏ်ရာကတော့ ပေါင်ဒဏ်ရာဖြစ်ပြီး ကစားသမားအနေနဲ့ အနည်းဆုံး ရက် ၂၀ အနားယူရမယ်လို့ Gazzetta dello sport က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် သူဟာ ဆီဗီလာနဲ့ ကစားရမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို လွဲချော်ခဲ့ပြိဖြစ်ပါတယ်။
ဂျူဗီအနေနဲ့ ပေါ့ဂ်ဘာကို အလွတ်ခေါ်ယူနိုင်ခဲ့တာ မှန်ပေမယ့်လည်း တရာသီကို လုပ်ခလစာ ယူရို ၁၀ သန်းအထိ ပေးချနေရတယ်လို့ ယုံကြည်ရပါတယ်။ ဒီအတွက်ကြောင့် ဒီရာသီမှာ ပေါ့ဂ်ဘာကစားပေးထားတဲ့ မိနစ်နှုန်းနဲ့ တွက်ချက်မယ်ဆိုရင် တမိနစ်ကစားမှုအတွက် ပေါင် ၅၃၀၀၀ အထိ ဂျူဗီက ပေးချေနေရတဲ့ အနေထားမှာ ရှိနေခဲ့ပါတယ်။
ဒါဟာ နာမည်ကျော်ကစားသမားတွေကိုဆိုရင် အလွတ်နဲ့ မရရအောင် ခေါ်ယူပြီး အသင်းအတွက် အကျိုးရှိတဲ့ အပြောင်းအရွှေ့တွေဖြစ်အောင် ဖန်တီးနိုင်တယ်လို့ နာမည်ကြီးခဲ့တဲ့ ဂျူဗီအတွက်တော့ လူပါးပုလင်းထိဖြစ်ရပ်ပါပဲ။ ကစားသမားရဲ့ ဒဏ်ရာရလွယ်မှုအပေါ်မှလည်း စိတ်ပျက်နေပြီလို့ သိရပါတယ်။
ပေါ့ဂ်ဘာဟာ ဂျူဗီကို ပြန်လည်ရောက်ရှိခဲ့ပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲတည်းသာ ကစားပေးထားခဲ့ပြီး စုစုပေါင်းမှ ၁၆၁ မိနစ်သာ ရှိပါတယ်။ ဖန်တီးမှု တကြိမ်ပြုလုပ်ထားပေးခဲ့ပြီး သူတို့ရဲ့ ပြန်လည်ပေါင်းစည်းမှုကတော့ နှစ်ဖက်စလုံးအတွက် စိတ်ပျက်စရာတွေသာ ဖြစ်နေခဲ့ရပါတယ်။