တွမ်မီနေးကို ကာရစ်နဲ့ မက်ကန်နာတို့ကို ပုံစံပြောင်းကစားဖို့ အထူးသီးသန့်လေ့ကျင့်ပေးနေတာပါ။

ယူနိုက်တက်နည်းပြအဖွဲ့ဝင်တွေဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား မက်တွမ်မီနေးကို ကွင်းလယ်ခံစစ်မှာ တစ်ယောက်တည်း ထိန်းကျောင်းကစားနိုင်ဖို့အတွက် လေ့ကျင့်ပေးနေတယ်လို့ သိရှိရပါတယ်။



နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ တစ်ဖက်တစ်ဂိုးစီသရေပွဲအပြီးမှာ ဖရက်ဒ်ကို ပွဲထွက်ကစားသမားစာရင်းကနေ ဖယ်ထုတ်သင့်တယ်လို့ ဝေဖန်သံတွေဆူညံလာတဲ့နောက် ယူနိုက်တက် လေ့ကျင့်ရေးကွင်းမှာ အခုလိုပဲ ပြင်ဆင်နေတာပါ။ ပုံမှန်အားဖြင့်ဆိုရင် ယူနိုက်တက်ကွင်းလယ်မှာ တွမ်မီနေးနဲ့ ဖရက်ဒ်တို့ နှစ်ယောက်ကို တွဲဖက်ပွဲထုတ်လေ့ရှိပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ယူနိုက်တက်နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ မိုက်ကယ်ကာရစ်နဲ့ မက်ကန်နာတို့က တွမ်မီနေးကို နေရာယူပုံနဲ့ ကွင်းလယ်ကနေ ဘောလုံးဖြန့်ဝေပုံတို့ကို အထူးလေ့ကျင့်ပေးနေတာပါ။ တွမ်မီနေးဟာ ပုံမှန်အားဖြင့် တိုက်စစ်ကိုပိုမိုစိတ်ယိုင်တဲ့ ကွင်းလယ်ကစားသမားဖြစ်ပေမယ့် နောက်ပိုင်းမှာ Box-to-box ပုံစံကိုသာ အဓိက,ကစားခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ တွမ်မီနေးတစ်ယောက် ကွင်းလယ်ခံစစ်ကိုပဲ အပြည့်အဝအာရုံစိုက်ကစားနိုင်ဖို့ ပြင်ဆင်နေရပြီဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားဟာ သူ့စိတ်ကြိုက် ၄-၂-၃-၁ ပုံစံကိုဖျက်ပြီး တွမ်မီနေးကို ကွင်းလယ်ခံစစ်နေရာ၊ သူ့ဘေးမှာ ပေါ့ဘာနဲ့ဘရူနိုဖာနန်ဒက်စ်တို့ကို ဝန်းရံပြီးကစားဖို့ ဆန္ဒရှိနေပါတယ်။

ဆိုးလ်ရှားဟာ ရာသီသစ်မစခင်တည်းက ၄-၃-၃ အသုံးပြုလိုခဲ့ပြီး ဒီအတွက် ဗန်ဒီဘိခ်ကိုပါ အခွင့်အရေးပေးမယ်လို့ဆိုထားပေမယ့် လက်ရှိအချိန်အထိ ဗန်ဒီဘိခ်က ယူနိုက်တက်မှာ လုံလောက်တဲ့ အခွင့်အရေးတွေမရသေးပါဘူး။ အဲ့ဒါကြောင့် တွမ်မီနေးသာ ဒီနေရာနဲ့ အချိန်တိုအတွင်း အံဝင်လာခဲ့ရင် ဗန်ဒီဘိခ်အတွက်လည်း အခွင့်အရေးတွေရလာနိုင်မလား စောင့်ကြည့်ရမှာပါ။

ယူနိုက်တက်ဟာ ဝက်စ်ဟမ်း၊ ဗီလာရီးရဲယ်၊ အက်စတွန်ဗီလာ၊ အဲဗာတန်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ပြိုင်ဘက်ရဲ့တန်ပြန်တိုက်စစ်ဒဏ်တွေကို အလူးအလဲခံစားခဲ့ရပြီး တိုက်စစ်နဲ့ခံစစ်အကြား ဟန်ချက်ညီမျှဖို့အတွက် ကွင်းလယ်ကိုပြင်ဆင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

တွမ်မီနေးဟာ စကောာ့တလန်လက်ရွေးစင်အသင်းမှာလည်း ၃-၅-၂ ကစားကွက်ရဲ့ နောက်တန်း (၃) ယောက်နေရာမှာ ကစားလေ့ရှိတာကြောင့် လက်ရှိ ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ်နေရာမှာ အလွယ်တကူအံဝင်နိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က