ဒီရက်သတ္တပတ်မှာတော့ အမ်ဘာပေနဲ့ပတ်သက်လို့ မီဒီယာစာမျက်နှာတွေထက်မှာ တော်တော်လေး ရေပန်းစားနေခဲ့ပါတယ်။ ပီအက်စ်ဂျီက ဒီတပတ်ပြင်သစ်လီဂူးပွဲစဥ်မှာ ကလာမောင့်ကို ၅-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရလဒ်ထက် အမ်ဘာပေရဲ့ ပွဲချိန်တွင်းအပြုအမူတွေက ပိုမိုလူပြောများနေခဲ့တာပါ။
အမ်ဘာပေဟာ အဲ့ဒီပွဲမှာ အသင်းရရှိခဲ့တဲ့ ပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီနောက် ပင်နယ်တီတကြိမ် ထပ်ရခဲ့ပြီး ဒီပင်နယ်တီကိုကန်ဖို့ နေမာဆီက သွားရောက်တောင်းဆိုခဲ့ပေမယ့် နေမာက ဂရုမစိုက်ခဲ့ဘဲ သူကိုယ်တိုင်ပဲ ကန်သွင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယပိုင်း တန်ပြန်တိုက်စစ်ဆင်ချိန်မှာလည်း အမ်ဘာပေ စိတ်ဆိုးခဲ့ပါသေးတယ်။
ပီအက်စ်ဂျီကွင်းလယ်လူသစ် ဗစ်တင်ဟာက တန်ပြန်တိုက်စစ်ကို ပြန်လည်စတင်လာပြီး ဒီဘောလုံးကို အမ်ဘာပေဆီမပေးဘဲ မက်ဆီထံသာပေးပို့ခဲ့တာကြောင့် အမ်ဘာပေက စိတ်ဆိုးကာ ကွင်းထဲမှာ မတ်တပ်ရပ်နေခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားတွေ ရေသောက်နားချိန်မှာလည်း အမ်ဘာပေက ကွင်းလယ်စည်းမှာ တယောက်တည်းရပ်နေခဲ့ပါသေးတယ်။
အခုတခါ ထွက်ပေါ်လာတဲ့ ဗီဒီယိုအရတော့ ဒီပွဲမှာ အမ်ဘာပေက မက်ဆီကို အကြောင်းမဲ့သပ်သပ် ဝင်တိုက်သွားခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေဟာ မက်ဆီကိုရှောင်သွားလို့ရပေမယ့် မရှောင်ခဲ့ဘဲ တိုက်သွားတာဖြစ်ပြီး ဒီဖြစ်ရပ်အတွက် မက်ဆီကို တစုံတရာ တောင်းပန်ခဲ့ခြင်းလည်း မရှိပါဘူး။ မက်ဆီကိုယ်တိုင်ကလည်း အမ်ဘာပေရဲ့လုပ်ရပ်အတွက် စိတ်ကွက်သွားပုံရပြီး ကစားသမားကို မကြည်မလင်ပုံစံမျိုးနဲ့ ပြန်ကြည့်နေခဲ့ပါတယ်။
ထွက်ပေါ်နေတဲ့သတင်းတွေအရတော့ အမ်ဘာပေဟာ သူနဲ့တွဲကစားဖို့အတွက် မက်ဆီ ဒါမှမဟုတ် နေမာတယောက်ယောက်ကိုသာ ရွေးချယ်ပေးဖို့ အသင်းကို အသိပေးထားပြီး ကျန်တဲ့တယောက်ကို ရောင်းချစေလိုကြောင်း သိရှိရပါတယ်။ အမ်ဘာပေကို ပီအက်စ်ဂျီတို့ စာချုပ်သစ်ချုပ်ဆိုချိန်မှာ အားကစားဒါရိုက်တာ၊ နည်းပြတို့ထက် ပိုမိုအရေးပါတဲ့သူအဖြစ် အသင်းဘက်က သတ်မှတ်ပေးခဲ့ပြီး အမ်ဘာပေရဲ့အတ္တနဲ့ ဒီလုပ်ပိုင်ခွင့်တွေ ပေါင်းစပ်လိုက်ချိန်မှာတော့ ဒီကစားသမားက တော်တော်လေး အခြေအနေဆိုးလာတာဖြစ်ပါတယ်။