အယ်လ်နာဆာတိုက်စစ်မှူးကြီးခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်က ပေါ်တူဂီသားဟာ ဖခင်ကောင်းတဦးဖြစ်သလို အကောင်းဆုံးခင်ပွန်းတဦးလည်းဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း သူမက ရော်နယ်ဒိုတယောက်နေအိမ်မှာ လုံး၀မပြုလုပ်တဲ့အရာတခုကိုလည်း အားလုံးသိအောင် ဖွင့်ဟခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ဟာ ၂၀၁၆ ကတည်းက တွဲခုတ်ခဲ့တာဖြစ်ပြီး အတူတူနေထိုင်ခဲ့ကြကာ ရင်သွေးတွေလည်း ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ လက်ထပ်ရခြင်းမရှိသေးပေမယ့် သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းကတော့ တော်တော်လေးကြာမြင့်နေပြီဖြစ်ကာ ရော်နယ်ဒိုတွဲခဲ့ဖူးသမျှထဲမှာ ဂျော်ဂျီနာက သက်တမ်းအကြာဆုံးမိန်းကလေးလည်းဖြစ်ပါတယ်။
"ခရစ္စတီယာနိုက အရမ်းကိုကောင်းမွန်တဲ့ ဖခင်တဦးပါ၊ ပြီးတော့ ကျမ အမြဲတမ်းအိပ်မက်မက်ခဲ့ရတဲ့ အကောင်းဆုံးခင်ပွန်းတဦးလည်းဖြစ်ပါတယ်၊ ဒါပေမယ့် သူ ဘယ်တော့မှ ချက်ပြုတ်တာမျိုးမလုပ်ဘူး၊ မနက်တိုင်းမှာ သူ ထရိန်နင်ပြီးပြီဆိုရင် စားပွဲပေါ်မှာ သိပ်ပြီးနှစ်လိုဖွယ်ရာကောင်းအောင်ပြင်ဆင်ထားတဲ့ အစားအသောက်ပန်းကန်ကို သူ လိုက်ရှာတော့တာပါပဲ"
"ကျမတို့မှာ စားဖိုမှူးရှိပါတယ်၊ ဒါပေမယ့် တခါတလေတော့ ကျမကိုယ်တိုင်ပဲ ချက်ပြုတ်တာတွေလည်းရှိတယ်" လို့ Sportweek နဲ့ အင်တာဗျူးမှာ ဂျော်ဂျီနာက ဖွင့်ဟခဲ့တာပါ။ သူတို့ဟာ ဆော်ဒီမှာပဲ အတူတူနေထိုင်နေပြီး သူတို့မိသားစုနှစ်သက်တဲ့ ပေါ်တူဂီဟင်းလျာတွေကို ချက်ပြုတ်ပေးဖို့ စားဖိုမှူးတဦးကို ငှားရမ်းထားတာလည်းဖြစ်ပါတယ်။
ဆော်ဒီမှာ လက်မထပ်ရသေးဘဲ အတူတူနေထိုင်တာမျိုးကို ဥပဒေအရတားမြစ်ထားပေမယ့် ရော်နယ်ဒိုကိုတော့ နေထိုင်ခွင့်ပေးထားတာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ အယ်လ်နာဆာမှာ ခြေစွမ်းစပြနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ပွဲမှာ တပွဲတည်း ၄ ဂိုးအထိသွင်းယူ ခဲ့ပါတယ်။ ဒီနေ့မှာ အယ်လ်နာဆာက အယ်လ်တာဝမ်အသင်းနဲ့ ကစားဖို့ရှိနေပါတယ်။