သားဖြစ်သူနဲ့အတူ ရေကန်မှာ စက်လှေစီးရန် ထွက်ခွာသွားခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ပျောက်ဆုံးသွားခဲ့တဲ့ Glee တီဗီဇာတ်လမ်းတွဲစတား နာယာရေဗီရာရဲ့ အလောင်းကို ကယ်လီဖိုးနီးယားပြည်နယ်ရှိ ရေကန်တစ်ခုအတွင်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၁၃ ရက်နေ့မှာ ပြောပါတယ်။

(Glee ဇာတ်လမ်းတွဲမှ နာယာ) (Photo: Wallpapers Wide/The Star)

အသက် ၃၃ နှစ်အရွယ် နာယာရေဗီယာ (Naya Rivera) ဟာ ဗုဒ္ဓဟူး‌နေ့ (ဇူလိုင် ၈ ရက်) က သူမရဲ့ အသက်လေးနှစ်အရွယ် သားဖြစ်သူနဲ့အတူ Piru ရေကန်မှာ စက်လှေစီးရန် ထွက်ခွာသွားခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့ပါတယ်။ နာယာရဲ့ သားဖြစ်သူ ဂျိုဆေးကိုတော့ စက်လှေပေါ်မှာ တစ်ဦးတည်း အိပ်ပျော်နေတာ တွေ့ခဲ့ရပါတယ်။

ထို့နောက် ရေငုပ်သမားတွေနဲ့ ရှာဖွေရေးအဖွဲ့က အသံလှိုင်းဖြင့် ရေအောက်ရှာဖွေရေးကိရိယာသုံးပြီး ရှာဖွေခဲ့ကြရာ နာယာရဲ့အလောင်းကို ဇူလိုင် ၁၃ ရက်နေ့ အစောပိုင်းမှာ ပြန်ရှာတွေ့ခဲ့ကြတယ်လို့ သိရပါတယ်။ နာယာ ပျောက်ဆုံးသွားခဲ့ပြီး‌နောက် ရေနစ်ခဲ့တယ်လို့ ယူဆထားခဲ့ကြပါတယ်။ သူမရဲ့အလောင်းကို ပြန်ရှာတွေ့ခဲ့တဲ့ ရေကန်နေရာဟာ အနက် ၃၆ ပေမှ ၅၉ ပေရှိတယ်လို့ ဆိုပါတယ်။

(နာယာတို့သားအမိကို ရေကန်ထဲမသွားမီ တွေ့ရစဥ်) (Photo: Ventura Count Sheriff's Office)

နာယာဟာ လူကြိုက်များတဲ့ တေးဂီတနဲ့ဟာသ တီဗီဇာတ်လမ်းတွဲ Glee မှာ အကအဖွဲ့ဝင် စန်တာနာလိုပက်ဇ် (Santana Lopez) ဇာတ်ရုပ်ဖြင့် ပရိသတ်နှစ်သက်မှု ရရှိထားသူပါ။ ရေကန်ထဲမှ ပြန်ရှာတွေခဲ့တဲ့ အလောင်းဟာ နာယာရဲ့အလောင်းလို့ ရဲတပ်ဖွဲ့က ယုံကြည်ထားကြောင်း ယမန်နေ့ နှောင်းပိုင်းက သတင်းစာရှင်းလင်းပွဲမှာ Ventura ကောင်တီ ရဲဌာနအကြီးအကဲ Bill Ayub က ပြောခဲ့ပါတယ်။

အလောင်းစစ်ဆေးမှုအရ ရာဇဝတ်မှု သို့မဟုတ် နာယာက ကိုယ့်ကိုယ်ကိုယ် သတ်သေမှု လက္ခဏာ မတွေ့ရဘူးလို့လည်း ၎င်းကဆိုပါတယ်။ နာယာရဲ့သားဖြစ်သူက ရဲတပ်ဖွဲ့ကို ပြောကြားမှုအရ သူမဟာ ရေကူးရန် ထွက်ခွာသွားခဲ့ပြီးနောက် ပြန်ရောက်မလာတော့ကြောင်း သိရပါတယ်။ နာယာ ပျောက်ဆုံးသွားပြီးနောက် အသံလှိုင်းဖြင့် ရေငုပ်သမားများ၊ အနံ့ခံခွေးများ၊ ရဟတ်ယာဥ်များ၊ အဝေးထိန်းစနစ်ဖြင့် မောင်းနှင်နိုင်ပြီး ကင်မရာတပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောများ၊ ရေငုပ်သမားများဖြင့် ရှာဖွေခဲ့ကြပါတယ်။

(နာယာနှင့် သားဖြစ်သူ ဂျိုဆေး) (Photo: US Weekly)

ရေနစ်သေဆုံးခဲ့တဲ့ Glee စတား နာယာဟာ ကလေးသရုပ်ဆောင်နဲ့ မော်ဒယ်အဖြစ် အနုပညာနယ်ပယ်ကို စတင်ဝင်ရောက်ခဲ့ပြီး အမေရိကန်မှာ တီဗီကြော်ငြာများ ပါဝင်ရိုက်ကူးခဲ့ပါတယ်။ သူမရဲ့ အသက်လေးနှစ်အရွယ်မှာပင် CBS တီဗီချန်နယ်က ထုတ်လွှင့်ပြသတဲ့ Royal Family ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့ပြီး အခြား တီဗီအစီအစဥ် အများအပြားမှာလည်း ပါဝင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အကြီးအကျယ် အောင်မြင်ကျော်ကြားခဲ့တဲ့ Glee တီဗီဇာတ်လမ်းတွဲမှ စန်တာနာလိုပက်ဇ် ဇာတ်ရုပ်က နာယာကို စတားတစ်ဦး ဖြစ်လာစေခဲ့ပါတယ်။ နာယာဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ At the Devil's Door ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ထိုနှစ်မှာပင် သူမက တွဲဖက်သရုပ်ဆောင် မင်းသား ရိုင်ယန်ဒေါဆေးနဲ့ လက်ထပ်ခဲ့ပြီး သားတစ်ဦးရခဲ့ပါတယ်။ နာယာတို့စုံတွဲဟာ ၂၀၁၈ ခုနှစ်မှာ ကွာရှင်းခဲ့ကြတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က