အနုပညာအပြင် သူ့ရဲ့ စိတ်ကူးကအိပ်မက်က ဘာဖြစ်မလဲ။

“သစ္စာရှိပါနော်” ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေ သတိထားမိလာတဲ့ စစ်ပိုင်ထက်က မကြာခင် တစ်ကိုယ်တော်အခွေ ထွက်နိုင်ဖို့ ပြင်ဆင်လို့နေပါတယ်။ Sam Sam လို့ပရိသတ်တွေရဲ့ ချစ်စနိုးခေါ်ခြင်း ခံရတဲ့ စစ်ပိုင်ထက်က အသက်(၁၇)နှစ်အရွယ် လူငယ်အဆိုတော်တစ်ဦးပါ။

 

အသက်(၁၃)နှစ်အရွယ်ကတည်းက သီချင်းများကို ကိုယ်တိုင်ပုံဖော်ရေးသားတတ်တဲ့ စစ်ပိုင်ထက်က အနုပညာကို ရူးသွပ်လွန်းတဲ့ လူငယ်အဆိုတော် တစ်ဦးဖြစ်ပါတယ်။ သူဟာ အသက်(၆)နှစ်၊ (၇)နှစ်လောက်ကတည်းက အနုပညာနဲ့ ပတ်သက်လို့ ပီယာနို သင်ခြင်း၊ အကသင်ခြင်း တို့ကို ပြုလုပ်ခဲ့ပြီး အသက်(၈)နှစ်၊(၉)နှစ်အရွယ်မှာတော့ မိုက်ကယ်ဂျက်စင်ရဲ့ သီချင်းတွေကို Cover Dance အနေနဲ့ ကလို့နေခဲ့ပါပြီ။ 

“ကျွန်တော်က အနုပညာနဲ့ ပတ်သက်လာရင် အဆိုပိုင်းရော၊ သရုပ်ဆောင်တာရော၊အကုန်ဝါသနာပါတယ်။ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အသက်ငယ်ငယ်လေးကတည်းက ပီယာနို တီးဖြစ်တယ်အကတွေလည်း ကဖြစ်တယ်ဆိုတော့ အခုချိန်မှာလည်း အနုပညာကို တော်တော်လေးကို ရူးသွပ်တယ်” လို့ သူက ဆိုပါတယ်။

စစ်ပိုင်ထက်ကို ၂၀၁၈ခုနှစ်က ထွက်ခဲ့တဲ့ “သစ္စာရှိပါနော်” သီချင်းနဲ့ ပရိသတ်တွေ သတိထားမိလာကြတာပါ။ စစ်ပိုင်ထက်ဟာ အသက်(၁၇)နှစ် အရွယ်သာရှိပြီး ချိုသာတဲ့အသံလေးနဲ့ ကိုရီးယားဆန်တဲ့ ရုပ်လေးကြောင့် အခုဆိုရင် မိန်းကလေးပရိသတ်တွေ အခိုင်အမာရရှိလို့နေပါပြီ။

ဂီတလမ်းကြောင်း လျှောက်လှမ်းလာတာ (၁)နှစ်လောက် ရှိနေပြီ ဖြစ်တဲ့ သူကတော့ တစ်ကိုယ်တော်အခွေ ထွက်နိုင်ဖို့ကိုလည်း ကြိုးစားလို့နေပါတယ်။သူ့ရဲ့ တစ်ကိုယ်တော်အခွေကို အောက်တိုဘာလထဲ ထွက်မှာ ဖြစ်ပြီး သီချင်း(၁၀) ပုဒ်ပါဝင်မယ်လို့ သိရပါတယ်။

“အခွေကိုတော့ အောက်တိုဘာလမှာ ထွက်နိုင်အောင် မှန်းထားပါတယ်။ အခွေထဲမှာ အရင်က သီချင်းလေးတွေလည်း ပါမယ်။ ကျွန်တော်ကြိုက်တဲ့ ပုံစံလေးတွေပါမယ် ကျွန်တော်ကိုယ်တိုင် ရေးထားတဲ့ သီချင်းလေးတွေလည်းပါမယ်။ သီချင်းအားလုံး(၁၀)ပုဒ်လောက်ပဲ ထည့်ဖို့ စဉ်းစားထားပါတယ်။ပထမဆုံး အခွေလေးလည်း ဖြစ်လို့ အားပေးပါဦးလို့လည်း ပြောချင်ပါတယ်” လို့ သူက Duwun Media ကို ပြောပါတယ်။

Photo : စစ်ပိုင်ထက်

အနုပညာကို ဝါသနာပါလွန်းတဲ့သူ့အတွက် ကံကောင်းတာတစ်ခုက မိဘတွေရဲ့ ပံ့ပိုးကူညီမှုကို ရာနှုန်းပြည့် ရရှိထားတာပါပဲ။ မိခင်ဖြစ်သူဟာ သူလိုအပ်တာတွေ အားလုံးကို ကူညီပေးပြီး ဖြစ်ချင်တဲ့အရာတွေကို အကောင်အထည်ဖော်နိုင်အောင် ဘေးနားကနေ ကူညီပံ့ပိုးပေးတယ်လို့ သူက ဆိုပါတယ်။ မိဘတွေ ပံ့ပိုးပေး တဲ့အလျှောက် သူ့အနေနဲ့လည်း အနုပညာလောကမှာ အောင်မြင်အောင် ကြိုးစားမှာ ဖြစ်ပြီး ပိုမိုဆန်းသစ်တဲ့ သီချင်းတွေကို ဆက်ပြီး ဖန်တီးသွားမှာပါလို့ သူက ပြောပါတယ်။

စစ်ပိုင်ထက်ဟာ အနုပညာလောကထဲကို မလျှောက်လှမ်းဖြစ်ခဲ့ဘူးဆိုရင် သူဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တစ်ခု ရှိလို့နေပါသေးတယ်။ အဲဒါကတော့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက်ပါတဲ့။ သူ့အနေနဲ့ အနုပညာအလုပ်တွေ မလုပ်ခဲ့ဘူးဆိုရင် ဥရောပအထိ သွားကစားရတဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်ချင်ခဲ့တာလို့ ဆိုပါတယ်။

“အနုပညာအလုပ်မလုပ်ခဲ့ရင် ကျွန်တော်ငယ်ငယ်တုန်းက လုံးဝဖြစ်ချင်ခဲ့တာ ဘောလုံးသမား ပေါ့။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက် ဖြစ်ချင်ခဲ့တာ။ Europe မှာ သွားကန်ချင်တာ။ ကျွန်တော်က ကိုယ့်ကိုကိုယ်ဘောလုံးကျွမ်းကျင်တယ်လို့ ထင်တယ်။ ပရော်ဖက်ရှင်နယ် ဆော့တဲ့အထိတောင် ရနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အရမ်းလည်းရူးသွပ်ပြီး အရမ်းလည်း လေ့ကျင့်ခဲ့တာ။ ဘောလုံးကို ဘယ်လောက်ရူးသွပ်လဲဆိုရင် ကျောင်းက အသင်းမှာလည်း ကန်တယ်။အခုကတော့ အနုပညာအလုပ်တွေ လုပ်နေတော့ သိပ်မကန်ဖြစ်တော့ဘူး” ဆိုပြီး ဘောလုံးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အိပ်မက်လေးကိုလည်း ပြောပြခဲ့ပါသေးတယ်။

Photo : စစ်ပိုင်ထက်

ဘောလုံးနဲ့ ပတ်သက်ပြီး စိတ်ကူးအိပ်မက်တွေ ရှိနေခဲ့ပေမယ့်လည်း သူဝါသနာပါ ရူးသွပ်တဲ့ အနုပညာအလုပ်ကို အကောင်အထည်ဖော် ကြိုးစားခွင့်တွေ ရှိနေသေးတာကြောင့် ဘောလုံးဘက်ကို အကောင်အထည်မဖော်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ အခုအနုပညာအလုပ်တွေ လုပ်ခွင့်ရနေတာကြောင့် သူ့ရဲ့ စိတ်ကူးအိပ်မက်လေးကို ခဏဘေးချိတ်ထားခဲ့ပါတယ်။ သူကြိုးစားခွင့်ရှိနေတဲ့ အနုပညာကို ပိုကောင်းအောင် ဖန်တီးပြီး ပရိသတ်တွေကို ရသအသစ်တွေ ပေးစွမ်းနိုင်အောင် ကြိုးစားကြည့်ချင်တယ်လို့ သူက ပြောပါတယ်။

အနုပညာအလုပ်တစ်ဖက်နဲ့ ပညာရေးကိုလည်း ကြိုးစားနေတဲ့ စစ်ပိုင်ထက်က မန္တလေးမှာ ရှိတဲ့ Ayeyarwaddy International School တွင် Grade 12 မှာ ပညာသင်ယူလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျောင်းပြီးသွားရင်လည်း အမေရိကမှာ ကောလိပ်သွားတတ်ရမှာ ဖြစ်တာကြောင့် အနုပညာနဲ့ ပတ်သက်ပြီး အချိန်ရတုန်း ပရိသတ်တွေအတွက် ဖန်တီးချင်တယ်လို့ ဆိုပါတယ်။အကယ်၍ အမေရိကားမှာ ကျောင်းသွားတက်ဖြစ်ရင်လည်း အွန်လိုင်းနေ သီချင်းတွေ တင်ပေးသွားမယ်လို့ သူက ပြောပါတယ်။ ပရိသတ်တွေလည်း သူ့ကို ဆက်ပြီး အားပေးကြဖို့အတွက် တောင်းဆိုထားပါသေးတယ်။

Share

Loading Next Article...
က္က