ဥပဒေမှာ ဘက်လိုက်မှုမရှိဘဲ အားလုံးတူတူ တရားမျှတစွာ ဆောင်ရွက်ရမယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။ မေလ(၂၄)ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတော်တာ်သမ္မတနဲ့ ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
”နိုင်ငံသူ နိုင်ငံသားတွေအားလုံး၊ အဖွဲ့အစည်းတွေအားလုံးဟာ တန်းတူ အဆင့်အတန်းညီမျှမှု၊ ဥပဒေအရာမှာ ညီမျှမှုဖြစ်စေချင်တယ်”လို့ နိုင်ငံတော်သမ္မတကပြောကြားခဲ့တာပါ။
ဥပဒေမှာ ညီမျှမှုဆိုတာက သမ္မတဖြစ်လို့၊ ဝန်ကြီးချုပ်ဖြစ်လို့၊ ဝန်ကြီးဖြစ်လို့၊လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့၊ နေပြည်တော်ကောင်စီဥက္ကဌဖြစ်လို့ အစရှိသဖြင့် အခွင့်ထူးခံပြီး ဥပဒေအထက်မှာနေဖို့ မဟုတ်ကြောင်း၊ အားလုံးဟာ ဥပဒေရဲ့ရှေ့မှောက်မှာ အညီအမျှဖြစ်ရမယ်လို့ သမ္မတက ပြောပါတယ်။
နိုင်ငံသားကျတော့ ဥပဒေကတစ်မျိုး၊ ကျေးရွာသူကျေးရွာသားတွေအတွက် ဥပဒေကတစ်မျိုး၊ မြို့သူမြို့သားကျတော့ ဥပဒေကတစ်မျိုး၊ မင်းစိုးရာဇာကျတော့ ဥပဒေကတစ်မျိုး အဲ့ဒါမျိုးတွေကို သူ့အနေနဲ့ လုံးဝမကြိုက်ကြောင်းကို အပွင့်လင်းဆုံးပြောတာလို့လည်း ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံုးရှေ့မှာ ပြောကြားခဲ့တာပါ။ တစ်ချို့နေရာတွေမှာ ထိုကဲ့သို့ပုံစံမျိး မြင်နေရ ကြားနေရတဲ့အတွက် အခုလို ပြောရခြင်းဖြစ်တယ်လို့လည်း သမ္မတကဆိုပါတယ်။
ယခု ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်များ တွေ့ဆုံပွဲဟာ သမ္မတကြီး တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ပထမဆုံးတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ တွေ့ဆုံပွဲမှာ မဏ္ဍိုင်ကြီး (၃)ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။