ခရစ်စတယ်ပဲလေ့စ်အသင်းဟာ ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူး ဘတ်ရှူဝါရီကို ယခုရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူး ဘတ်ရှူဝါရီဟာ ဗလင်စီယာအသင်းကို ကာလရှည်အငှားချခံထားရသူလည်း ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘတ်ရှူဝါရီဟာ ချယ်ဆီးအသင်းအတွက် ၃၂ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၇ ဂိုး သွင်းယူထားနိုင်ခဲ့သူဖြစ်ပြီး တော့တင်ဟမ်ဟော့စပါး သို့မဟုတ် အဲဗာတန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။
“ဒါက ခရစ်စတယ်ပဲလေ့စ်အတွက် ထူးဆန်းတဲ့ ကစားသမားခေါ်ယူမှုပါ”လို့ အသင်းဥက္ကဌ စတိဗ်ပါရစ်ရှ်က ပြောကြားခဲ့ပါတယ်။
“မစ်ချီဟာ ကျွန်တော်တို့ ဟိုအရင်ကတည်းက သဘောကျခဲ့ရတဲ့ ကစားသမားပါ။ နောက်ဆုံးမှာတော့ သူ့ကို အနီနဲ့ အပြာဝတ်စုံ ဝတ်ဆင်နိုင်အောင် စီမံနိုင်ခဲ့တဲ့အတွက် ကျွန်တော် စိတ်ကျေနပ်မိပါတယ်။ သူက ကျွန်တော်တို့အသင်းရဲ့လူစာရင်းထဲကို ကြီးကျယ်တဲ့ဖြည့်စွက်မှုဖြစ်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ဘတ်ရှူဝါရီကို ၂၀၁၆ ခုနှစ်မှာ မာဆေးလ်အသင်းကနေ ပေါင် ၃၃.၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ချယ်ဆီးအသင်း ၂၀၁၆-၂၀၁၇ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေမယ့် အဆုံးအဖြတ် သွင်းဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပါတယ်။