မန်ချက်စတာယူနိုက်တက်အသင်းယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ လီဗာပူးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာနဲ့ ဆက်လက်ကစားခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့လာမယ့်ပွဲစဉ်ကို ပါဝင်ကစားဖို့ မသေချာတော့ကြောင်း ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ လူစားလဲလှယ်မှု ၃ ကြိမ်အထိ ပြုလုပ်ခဲ့ပြီးဖြစ်တာကြောင့် ဒဏ်ရာရရှိနေတဲ့ ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ပွဲပြီးဆုံးချိန်အထိ ဆက်လက်ကစားပေးခဲ့ရပါတယ်။
ဟာရဲရား၊ မာတာနဲ့ လင်ဂတ်တို့ဟာ ပထမပိုင်းမှာပဲ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပြီး ယင်းပွဲစဉ်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်ပါဝင်နိုုင်ခြင်းရှိ၊ မရှိ မေးမြန်းခဲ့ရာမှာ ဆိုးလ်ရှားက အခုလိုပဲ ပြန်လည်ပြောကြားခဲ့ပါတယ်။
“သူသာ ကစားမယ်ဆိုရင် ကျွန်တော် အံ့အားသင့်မိမှာပါ။ အရင်တုန်းက ဒီလိုအဖြစ်အပျက်မျိုး တစ်ခါမှမကြုံခဲ့ဖူးပါဘူး။ ပထမပိုင်းမှာတင် တံကောက်ကြောဒဏ်ရာ ၃ ဦး ရသွားတာလေ။ ရက်ရှ်ဖို့ဒ် အကန်ခံခဲ့ရပါတယ်။ ရှာကွီရီက သူ့ခြေချင်းဝတ်ကို တည့်တည့်ကို ကန်ခဲ့တာပါ။ ကျွန်တော်တို့ ရက်ရှ်ဖို့ဒ်ကို လူစားလဲခဲ့သင့်ပေမယ့် ကျွန်တော်တို့ လုပ်လို့မရခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းရဲ့လူစားဝင်ကစားသမား ရှာကွီရီဟာ ဆိုးရွားတဲ့ဖျက်ထုတ်မှုကြောင့် အဝါကတ်ပြားပြသခံခဲ့ရပြီး ရောဘတ်ဆန်၊ မာတစ်တို့ကလည်း ရက်ရှ်ဖို့ဒ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ကြတာကြောင့် ဆိုးလ်ရှားက ရက်ရှ်ဖို့ဒ်ကို ပစ်မှတ်ထားခံခဲ့ရတယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။