အခွေ ငါးထောင်စလုံးကုန်သွားပြီနော်။

ဖြိုးမြတ်အောင်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အရမ်းကို ဝမ်းသာလို့နေပါတယ်။ “သင့်အတွက် မနက်ဖြန်” ဆိုတဲ့ သူ့ရဲ့ အခွေကတော့ ပရိုမိုးရှင်းပွဲမှာတင် ရောင်းလို့ ကုန်သွားခဲ့ပါတယ်။

 

Photo : ဖြိုးမြတ်အောင်

Myanmar Idol Winner ဖြိုးမြတ်အောင်ရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေကို စက်တင်ဘာ(၂၉) ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ ”သင့်အတွက်မနက်ဖြန်” ဆိုတဲ့ Title နဲ့ ထွက်ရှိခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့အခွေကတော့ ပရိုမိုးရှင်းပွဲမှာတင် ရောင်းလို့ ကုန်သွားလို့ မဝယ်လိုက်ရတဲ့ ပရိသတ်တွေတောင် ရှိလို့နေခဲ့ပါတယ်။ မူရင်းအခွေကို အခုလိုမျိုး အားပေးလိမ့်မယ်လို့ မထင်ထားဘူးလို့လည်း ဖြိုးမြတ်အောင်က ပြောပါတယ်။

“ကျွန်တော်အနေနဲ့ အရမ်းကိုဝမ်းသာမိတယ်။ထင်ကိုမထင်ထားတာပါ။အခုခေတ်မှာက master အခွေကို ဒီလောက်အားပေးတဲ့သူတွေက သိပ်မှမရှိတာ။ အခွေထွက်လာပြီဆိုရင် တခြား application တွေကပဲ ဒေါင်းပြီးအားပေးတာမျိုးရှိတာလေ။ ပြီးတော့ အခုချိန်က ဘယ်သူမှ အောက်စက်နဲ့ ကြည့်တာမျိုး မရှိတော့ဘူးလေ။ သီချင်းတွေ ဒေါင်းပြီးနားထောင်ကြတာတွေများတယ်။ကျွန်တော့်အခွေကို အခုလိုမျိုး ဝယ်ပြီးအားပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်။အရမ်းလည်းဝမ်းသာတယ်” လို့ သူက Duwun ကို ပြောပါတယ်။

 

ဖြိုးမြတ်အောင်အနေနဲ့ Master အခွေကို အချပ်ရေ ငါးထောင် မှာယူထားတာဖြစ်ပေမယ့်လည်း မဝယ်လိုက်ရတဲ့ ပရိသတ်တွေ ရှိနေတာကြောင့် နောက်ထပ်အချပ်ရေ တစ်ထောင် ထပ်မှာထားရတယ်လို့ ဆိုပါတယ်။

 “ကျွန်တော်အခုအခွေ တစ်ထောင်ထပ်မှာထားပါတယ်။ ကာဗာတွေကလည်းမရသေးတော့လေ။ ခဏလေးတော့ ထပ်စောင့်ရမယ်။ အဆင်မပြေမှုတွေအတွက်ကိုလည်း တောင်းပန်ပါတယ်” ဆိုပြီး ဆက်လက်ပြောပြထားပါသေးတယ်။

ဖြိုးမြတ်အောင်ကတော့ သူပြိုင်ပွဲဝင်ကတည်းက အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်ကိုလည်း အရမ်းကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ပရိသတ်တွေအတွက် ဆက်လက်ကြိုးစားသွားမယ်လို့ သူက ပြောပါတယ်။

Photo : ဖြိုးမြတ်အောင်

ဖြိုးမြတ်အောင်ဟာ ဂီတကို ဝါသနာပါလွန်းသူဖြစ်တာကြောင့် Myanmar Idol မပြိုင်ခင်ကတည်းက အပြင်မှာ သီချင်းတွေ သီဆိုခဲ့ဖူးတာ တွေ့ရပါတယ်။ဂီတလမ်းကြောင်းပေါ်ကိုတော့ အသက် ၁၄ နှစ်သားကတည်းက လျှောက်လှမ်းလာခဲ့တာပါတဲ့။

 ‘’သီချင်းဆိုတဲ့ လောကထဲကို ရောက်လာတာတော့ မနှစ်က Myanmar idol ဝင်ပြိုင်လို့ သိကြတယ်ပေါ့။ ကျွန်တော် ဂီတလောကထဲကို စတင်လျှောက်လှမ်းလာတာကတော့ အသက် ၁၄ နှစ်သားကတည်းကပေါ့နော်။ ၁၀စုနှစ်ကျော်ပြီ”လို့ သူက ဆိုပါတယ်။

ဂီတသက်တမ်း (၁၀)စုနှစ်အကျော်မှာလည်း Shwe FM က ချီးမြှင့်တဲ့ “တစ်နှစ်အတွင်း Shwe FM Facebook Page ကနေ သီချင်းအတောင်းခံရမှု အများဆုံးအမျိုးသား” အဆိုရှင်အဖြစ် ဆုရရှိခဲ့ဖူးပါသေးတယ်။

ဖြိုးမြတ်အောင်ဟာ အခုချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှု ချစ်ခင်မှုကို အခိုင်အမာရရှိနေတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးစဉ်ကတည်းက အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေရတဲ့ ဖြိုးမြတ်အောင်ဟာ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် "မြ" ဆိုတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီး မှာ အဓိကမင်းသားနေရာက ပါဝင်ဖို့အတွက် ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ အဓိက မင်းသားနေရာက ပါဝင်ရမယ့် သူဟာ ဖြိုးမြတ်အောင်ဖြစ်တယ်လို့ ကြေညာလိုက်ကတည်းက ပရိသတ်တွေက အရမ်းကို စိတ်ဝင်စားလို့နေခဲ့တာပါ။

ဖြိုးမြတ်အောင်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ ကမ်းလှမ်းမှုတွေအများကြီး ခံခဲ့ရသလို သူကိုယ်တိုင် မရိုက်ကူးဘဲ ငြင်းခဲ့တဲ့ ဇာတ်ကားတွေလည်း ရှိလို့နေခဲ့ပါတယ်။ ဒါပေမယ့် "မြ" ဇာတ်ကားကို လက်ခံဖြစ်တဲ့အကြောင်းကို သူက ယခုလို ပြောပြခဲ့ပါသေးတယ်။

‘’ဒီဇာတ်ကားက ကျွန်တော့်တို့ အတွက် ပေါ့ပေါ့ပါးပါး ပါပဲ။ ဒါပေမယ့် အရမ်းမိုက်နေတယ်။ ဒါပေမယ့် အထူးအားဖြင့်တော့ ကျွန်တော်က မင်းသမီးတွေကို ဖက်ရပြုရတာ အဆင်မပြေဘူး။ ဒါကြောင့်လည်း ဇာတ်ကားတွေ လာကမ်းလှမ်းရင်မရိုက်ဖြစ်တာများတယ်။ ဒီဇာတ်ကားမှာတော့ အဆင်ပြေတာက မင်းသမီးနဲ့ ကျွန်တော်နဲ့ ဆုံတဲ့ အခန်း တစ်ခန်းမှ မပါဘူး’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ‘’မြ’’ရုပ်ရှင်ဇာတ်ကားအတွက် အစည်းအဝေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

“မြ” ရုပ်ရှင်ဇာတ်ကားမှာ ဖြိုးမြတ်အောင်က သုတဆိုတဲ့ ကောင်လေးနေရာက ပါဝင်သွားမှာ ဖြစ်ပါတယ်။ သဘာဝဆန်တဲ့ မျက်နှာကြောင့်ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ခံနေရတဲ့ဖြိုးမြတ်အောင်တစ်ယောက် ဒီဇာတ်ကားမှာ ဘယ်လိုအိုက်တင်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်မလဲ ဆိုတာ မကြာခင် တွေ့မြင်ရတော့မှာပါ။

Share

Loading Next Article...
က္က