လူမှုကွန်ရက်အကောင့် ပိတ်ခံရမှုကို အခဲမကျေတဲ့ ကန်သမ္မတဟောင်းဟာ Twitter ကုမ္ပဏီကို ဖလော်ရီဒါမှာ အမှုဖွင့်ထားပါတယ်။
Twitter အနေနဲ့ သူ့ရဲ့ လူမှုကွန်ရက်အကောင့် ပြန်ဖွင့်ပေးဖို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က တရားစွဲလိုက်တာပါ။ Twitter ရဲ့ လူမှုကွန်ရက်ပလက်ဖောင်းပေါ်က ပိတ်ပင်မှုဟာ အခြေခံဥပဒေက ပြဌာန်းထားတဲ့ လွတ်လပ်စွာပြောဆိုတင်ပြခွင့်နဲ့ ဖလော်ရီဒါရဲ့ လူမှုကွန်ရက်ဥပဒေသစ်ကို ချိုးဖောက်ရာရောက်တယ်လို့လည်း သမ္မတဟောင်းက ဆိုပါတယ်။
Photo: tasnimnews
ဖလော်ရီဒါ တောင်ပိုင်းခရိုင်တရားရုံးမှာ သမ္မတထရမ့်ဟာ Twitter ရဲ့ ပိတ်ခံထားရမှုကနေ ကနဦး ကင်းလွတ်ခွင့်အမိန့်လည်း လျှောက်ထားတယ်လို့ ဆိုပါတယ်။ သမ္မတဟောင်းရဲ့ အဆိုအရ အမေရိကန်ကွန်ဂရက်အဖွဲ့ဝင်တွေရဲ့ အကြပ်ကိုင်ခံထားရတဲ့ Twitter ဟာ သူ့ကို ဆင်ဆာဖြတ်နေတယ်လို့လည်း စွပ်စွဲခဲ့တာပါ။ လက်ရှိမှာ Twitter ဟာ ထရမ့်အကောင့်ကို ယာယီပြန်ဖွင့်ပေးဖို့ ရှိပေမယ့် ထရမ့်ကတော့ အမြဲတမ်း အသုံးပြုခွင့်ရဖို့ပါ ကြိုးပမ်းနေတာပါ။
ပြီးခဲ့တဲ့ မေလက ဖလော်ရီဒါပြည်နယ်မှာ အတည်ပြုလိုက်တဲ့ ဥပဒေကတော့ လူမှုကွန်ရက်ကုမ္ပဏီဟာ နိုင်ငံရေးသမားတွေကို ပလက်ဖောင်းပေါ်ကနေ သိသိကြီးနဲ့ ဖယ်ရှားတာမျိုး မလုပ်ဖို့ ဟန့်တားထားပါတယ်။ တကယ်လို့ ဒီဥပဒေကို ချိုးဖောက်မယ်ဆိုရင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖြုတ်ချမှု လုပ်တဲ့ လူမှုကွန်ရက်ကုမ္ပဏီတွေကို တစ်ရက် ဒေါ်လာ ၂ သိန်းခွဲ ဒဏ်ရိုက်နိုင်မှာပါ။ ဥပဒေမှာ ပြည်နယ်အတွင်း နေထိုင်သူတွေကိုလည်း လူမှုကွန်ရက်ကုမ္ပဏီတွေရဲ့ လုပ်ရပ် မတရားဘူးထင်ရင် တရားစွဲခွင့် လမ်းဖွင့်ထားပါတယ်။
သမ္မတဟောင်းဟာ @RealDonalTrump အကောင့်သုံးပြီး နိုင်ငံရေးမူဝါဒတွေရော ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်တွေပါ ရေးတင်ခဲ့သလို သူ့ရဲ့ နိုင်ငံရေးရန်သူတွေကို ဝေဖန်တာကနေ ရွေးကောက်ပွဲရလဒ်အကြောင်း သတင်းမှားတွေ ဖြန့်တာမှာပါ Twitter ကနေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Twitter ကလည်း Capitol အဆောက်အဦအတွင်း ထရမ့်ထောက်ခံသူတွေ အတင်းဝင်ရောက်ခဲ့တဲ့ ဇန်နဝါရီ ၆ ရက် ရုန်းရင်းဆန်ခတ်ဖြစ် အပြီး ၂ ရက်အကြာမှာ @RealDonaldTrump အကောင့်ကို အပြီးတိုင် ပိတ်ခဲ့တာပါ။
Photo: Bloomberg
အပြီးတိုင် ပိတ်ပင်မှုမလုပ်ခင် ၂၀၂၀ ရွေးကောက်ပွဲ မဲခိုးခံရတယ်ဆိုပြီး Twitter ပေါ်မှာ မဟုတ်မမှန်တင်ခဲ့တဲ့အတွက် လူ့အဖွဲ့အစည်းတည်ငြိမ်မှုကို ဆိုးဝါးတဲ့ချိုးဖောက်မှုတွေ ထပ်တလဲလဲ လုပ်လို့ ဆိုပြီး သမ္မတဟောင်းရဲ့ Twitter အကောင့်ကို ၁၂ နာရီကြာ အရင်ပိတ်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ရက်မှာ ပလက်ဖောင်းပေါ်ကနေ ထာဝရပိတ်ပင်မှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အပိတ်ခံရစဉ်က Twitter ပေါ်မှာ ထရမ့်ကို Follow လုပ်သူ ၈၈ သန်းအထိ ရှိခဲ့ပါတယ်။
တခြား လူမှုကွန်ရက်ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Facebook ၊ Snapchat နဲ့ YouTube တို့လည်း ဖေဖော်ဝါရီ ၆ ရက် ရုန်းရင်ဆန်ခတ်ဖြစ်မှုအပြီးမှာ ထရမ့်ရဲ့ လူမှုကွန်ရက်အကောင့်တွေ ပိတ်တာမျိုး လုပ်ခဲ့ပါတယ်။