အသင်းကို စရောက်တဲ့အချိန်ကတည်းက ကူညီပေးခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ညာနောက်ခံကြယ်ပွင့် ဝမ်ဘစ်စ်ကာဟာ အိုးထရက်ဖို့ဒ်ကို စတင်ရောက်ရှိခဲ့တဲ့ ပထမဆုံးရက်သတ္တပတ်တုန်းက အကြောင်းတွေကို ဖွင့်ဟပြောပြခဲ့ပြီး ၎င်းကို အလျင်အမြန်အသားကျအောင် ကူညီပေးခဲ့တဲ့ ပေါ့ဂ်ဘာ ပြောခဲ့တဲ့စကားကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်ယူ-၂၁ လက်ရွေးစင်နောက်ခံကစားသမားဖြစ်တဲ့ ဝမ်ဘစ်စ်ကာဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ခရစ်စတယ်ပဲလေ့စ်အသင်းကနေ ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ အသင်းရဲ့အားအနည်းဆုံးဖြစ်တဲ့ ခံစစ်ကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး လက်စတာစီးတီးကြယ်ပွင့် မက်ဂွိုင်းယားကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဝမ်ဘစ်စ်ကာဟာ ခရစ်စတယ်ပဲလေ့စ်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ယူနိုက်တက်အသင်းလူစာရင်းနဲ့အတူ သြစတြေးလျ၊ စင်ကာပူ၊ တရုတ်နိုင်ငံတို့ကို ရာသီကြိုခရီးစဉ် လိုက်ပါခဲ့သူဖြစ်ပြီး ပါ့သ်ဂလိုရီနဲ့ပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဝမ်ဘစ်စ်ကာအတွက် မန်ချက်စတာယူနိုက်တက်ကစားသမားဘဝ ပရီးမီးယားလိဂ်ပထမဦးဆုံးပွဲစဉ်ဟာ မမေ့နိုင်စရာဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ချယ်ဆီးအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

“ချယ်ဆီးနဲ့ပွဲစဉ်တုန်းက ရှပ်ကို ကျွန်တော် သေချာ သိမ်းထားပါတယ်။ အဲဒီရှပ်ကို ဘောင်ခတ်ပြီး အိမ်နံရံပေါ်မှာ ချိတ်ဆွဲထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘစ်စ်ကာက အသင်းကို ပထမဆုံးရောက်တဲ့နေ့ကတည်းက အသင်းရဲ့စီနီယာ ကစားသမားတွေက ၎င်းကို အသင်းနဲ့ အထိုင်ကျအောင် ကူညီပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်ထက် အသက်ကြီးတဲ့ကစားသမားတွေက အများကြီး အကူအညီပေးခဲ့ပါတယ်။ ပေါ့ဂ်ဘာက ကျွန်တော့်ကို အကြံတွေ အများကြီးပေးပါတယ်။ ပါ့သ်မှာ ကစားခဲ့တဲ့ ပထမဆုံးပွဲစဉ်မှာ သူက အားလုံး ပြောကြတဲ့အတိုင်း ကျွန်တော့်ကို ပြောခဲ့ပါတယ်။ မင်း ဒီကိုရောက်နေတာ အကြောင်းအရင်းရှိတယ်။ မင်းရဲ့ပွဲစဉ်ကို အကြောက်တရားကင်းကင်းနဲ့ ကစားပါ။ လဲကျရင် ပြန်ထတဲ့။ ကျွန်တော့်ခေါင်းထဲမှာ ရှိနေတာ အဲဒီစကားပဲ”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က