ရိုးမားနည်းပြ မော်ရင်ဟိုကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ဆီဗီလာနဲ့ပွဲမတိုင်ခင်မှာ သူ့အပေါ် ဝေဖန်မှုတွေရှိခဲ့တာနဲ့ ပတ်သက်လို့ ဂရုမစိုက်ကြောင်း တုံ့ပြန်လာခဲ့ပါတယ်။ ရိုးမားဟာ ဒီနေ့ညမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ဆီဗီလာနဲ့ ရင်ဆိုင် ကစားရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူရိုပါကွန်ဖရင့်လိဂ်ကို ဆွတ်ခူးခဲ့တဲ့ ရိုးမားအနေနဲ့ ဒီနှစ်မှာလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး နှစ်နှစ်ဆက်တိုက် ဥရောပပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲ ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရိုးမားတို့ ဒီနှစ် ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ရောက်လာတဲ့အပေါ် ဝေဖန်မှုတွေ တော်တော်လေး ဆူညံသွားခဲ့ပါတယ်။
ရိုးမားအနေနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် လေဗာကူဆင်နဲ့ အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု (၃၀) ရာခိုင်နှုန်းတောင်မပြည့်ခဲ့ဘဲ ခံစစ်ပိတ်ဆော့ကာ ပထမအကျော့က တစ်လုံးတည်းသော အနိုင်ဂိုးကို ထိန်းသိမ်းခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မော်ရင်ဟိုရဲ့ ထုံးစံဖြစ်တဲ့ ဘတ်စ်ကားကွက်ကို ပြိုင်ဘက်အချို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
မော်ရင်ဟိုကတော့ “ကျွန်တော် ဂရုမစိုက်ပါဘူး။ ဘာများလုပ်ပေးနိုင်မှာလဲ။ လူတိုင်းနဲ့ ရန်လိုက်ဖြစ်နေရမှာလား။ ကျွန်တော် ဒါမျိုး မလုပ်နိုင်ပါဘူး။ ကျွန်တော် အလုပ်ကြိုးစားနေပြီး ကိုယ်လုပ်စရာရှိတာကိုပဲ ကောင်းကောင်းလုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါကပဲ ကျွန်တော်တတ်မြောက်ထားတဲ့ ပညာရပ်၊ နေ့တိုင်း လုပ်ရမယ့်အရာတစ်ခုပါ”
“ကျွန်တော့်သမိုင်းကြောင်းက ဒီမှာရှိပြီးသားပါ။ ဒါကို ဘယ်သူမှလည်း ယုံနိုင်မှာ မဟုတ်ဘူး။ ဒါက ကျွန်တော်နေထိုင်တဲ့ ဘဝရဲ့ ဒသနပါ။ ဒါလိုချင်တယ်၊ ဒါလိုချင်တယ်ဆိုပြီး ဖြစ်နေတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ အခု ဗိုလ်လုပွဲ ကစားရတော့မှာဖြစ်ပြီး ကျွန်တော်တို့ အနိုင်ရဖို့ အရာအားလုံး ပြုလုပ်ပြီး ကြိုးစားသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။