ဆိုးလ်ရှားလက်ထက် မန်ယူအသင်းအနေနဲ့ ပထမဆုံး ၂ ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာ ဖြစ်ပြီး နိုင်ငံတကာ ပွဲကြောင့် နားရက်ရနေခြင်းက အရှုံးကနေ တဖန်ပြန်လည်နိုးထလာနိုင်ဖို့ အခွင့်အရေးကောင်းလို့လည်း ဆိုးလ်ရှားက ပြောခဲ့ပါတယ်။
မန်ယူအသင်းကတော့ ဒီမနက်ပိုင်းက ဝုလ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့် ခဲ့တာကြောင့် ယာယီနည်းပြ ဆိုးလ်ရှားလက်ထက် ပထမဆုံး ၂ ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါပြီ။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဆင်နယ်အသင်းကို ၂-၀ ဂိုးနဲ့ အဝေးကွင်းမှာ ရှုံးပြီးနောက် အခုတစ်ကြိမ်မှာလည်း ဝုလ်ကို အဝေးကွင်းမှာပဲ ၂-၁ ဂိုးနဲ့ ထပ်မံအရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ၂ ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရသလို အက်ဖ်အေဖလားကလည်း ထွက်ခဲ့ရတဲ့ အခြေအနေအပေါ်မှာတော့ နည်းပြ ဆိုးလ်ရှားက ကြီးမားတဲ့ ဆုတ်ယုတ်မှုလို့ ဝေဖန်သွားခဲ့ကြောင်း BBC SPORTက ဖော်ပြပါတယ်။
“အရမ်းကို အားနည်းခဲ့ပါတယ်၊ သူတို့ ခြေထဲမှာပဲ ဘောလုံးက ရှိနေခဲ့ပြီးအစလည်း မကောင်းခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှုလည်း လုံလောက်မှု မရှိခဲ့ပါဘူး။ စိတ်ပျက်စရာပါပဲ။ “ လို့ ဆိုးလ်ရှားက BBC SPORTကို ပြောခဲ့တာပါ။ မန်ယူအသင်းအနေနဲ့ ဦးဆောင်ဂိုး ၂ ဂိုးအထိ ပေးခဲ့ရပြီးမှ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ မိနစ် ၉၀ လောက်မှာ ပြန်သွင်းတဲ့ သွင်းဂိုးကြောင့် ပွဲအပြီးမှာ ၂-၁ ဂိုးနဲ့ ရှုံးခဲ့တာပါ။
ဒါပေမယ့်လည်း အခုလို အရှုံးတွေကနေ ပြန်ထနိုင်ဖို့အတွက် နိုင်ငံတကာပြိုင်ပွဲတွေကြောင့် နားရက်ရခြင်းက အကျိုးရှိစေပြီး အဆင့် ၄ အတွင်း ဝင်ဖို့နဲ့ ဘာစီလိုနာကို အနိုင်ရဖို့ အကောင်းဆုံး ပြင်ဆင်နိုင်မယ်လို့လည်း ဆိုးလ်ရှားက ဆိုခဲ့ပါသေးတယ်။
အခုလို ၂ ပွဲဆက် အရှုံးကြောင့် အမြဲတမ်း နည်းပြ ဖြစ်ရေး ထိခိုက်နိုင်မလားဆိုတဲ့ အပေါ်မှာလည်း - “ နွေရာသီမတိုင်ခင်အထိ ကျွန်တော်ဒီမှာ သေချာပေါက်ရှိနေပါမယ်။အခု ကျွန်တော့်မှာ လိဂ်အတွက်ရော ချန်ပီယံလိဂ်အတွက်ရော ဝန်တွေ ရှိနေပါတယ်။” လို့ပဲ ဆိုးလ်ရှားက ဖြေပေးခဲ့တယ်လို့ ဆက်လက်သိရပါတယ်။
အခြားသော အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ ဝက်ဖို့ဒ်က ပဲလေ့စ်ကို ၂-၁ ဂိုးနဲ့လည်းကောင်း၊ မန်စီးတီးက ဆွမ်စီးကို ၃-၂ ဂိုးနဲ့လည်းကောင်း အသီးသီး အနိုင်ရဲ့ပြီး ဒီကနေ့မှာတော့မီဝေါလ် နဲ့ ဘရိုက်တန်တို့ လက်ကျန် ကွာတားပွဲကို ဆက်လက်ကစားပါမယ်။