အိမ်ကွင်းမှာ ဝက်ဖို့ဒ်ကို အနိုင်ယူသွားခဲ့တာပါ။

ယူနိုက်တက်က အာဆင်နယ်ထက် တစ်မှတ်အသာနဲ့ တစ်ပွဲပိုကန်ထားပြီး အဆင့် (၄) နေရာကို ယာယီတက်လှမ်းသွားခဲ့ပါတယ်။


ဒီနေ့ည (၉း၃၀)နာရီမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ ဝက်ဖို့ဒ်တို့ရဲ့ ပွဲကို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဝက်ဖို့ဒ်ကတော့ ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်မရှိသလောက်နည်းပါးနေသလို တန်းမဆင်းရဖို့လည်း သေချာသလောက် ရှိနေတဲ့အသင်းဖြစ်ပြီး ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနိုင်ကစားရဖို့ ရှိနေခဲ့တာပါ။



ဒဏ်ရာရကစားသမားတွေကလွဲလို့ နှစ်သင်းစလုံးမှာ လူစုံပါဝင်ခဲ့ပြီး ယူနိုက်တက်မှာ မာရှယ် နဲ့ ရက်ရှ်ဖို့ဒ်တို့ ပါဝင်လာခဲ့ပြီး မာတာနဲ့ တိုက်စစ်ကို ဆိုးလ်ရှားက တွဲဖက်ပေးခဲ့ပါတယ်။ ဝက်ဖို့ဒ်ကတော့ ဒီနီး နဲ့ ဒယ်လိုဖူတိုက်စစ်အတွဲကို ပွဲထုတ်ခဲ့ပြီး အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ပါတယ်။ ပွဲစတာနဲ့ ဝက်ဖို့ဒ်က တိုက်စစ်ကို အားပြုကစားခဲ့ပြီး ကစားကွက်ပိုင်းအရလည်း အသာစီးရခဲ့ပါတယ်။

ယူနိုက်တက်ကတော့ ထင်သလောက်မဟုတ်ခဲ့ပဲ ကစားကွက်အားနည်းခဲ့သလို အချိတ်အဆက်ပိုင်းမှာလည်း လွဲချော်နေမှုတွေ ရှိခဲ့ပြီး ဝက်ဖို့ဒ်ရဲ့ တိုက်စစ်ဆင်မှုတွေကိုပဲ ဖျက်ထုတ်နေခဲ့ရပါတယ်။ ဒီဂီယာ နည်းနည်းအလုပ်ရှုပ်ခဲ့တဲ့ ပွဲဖြစ်ပြီး ဝက်ဖို့ဒ်က အဝေးကန်ချက်တွေ၊ ဖြတ်တင်ဘောတွေ အများအပြားကို ပြုလုပ်သွားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း (၂၈)မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ယူနိုက်တက်တို့ ဂိုးရသွားခဲ့ပါတယ်။ ဝက်ဖို့ဒ်ရဲ့ တိုက်စစ်ဆင်မှု ပျက်သွားခဲ့တာကနေ လုခ်ရှော ဘောလုံးရသွားခဲ့ပြီး ရက်ရှ်ဖို့ဒ်ရဲ့ ပြေးလမ်းကြောင်းထဲကို အတိအကျ ပေးပို့ခဲ့ကာ ရက်ရှ်ဖို့ဒ်က ဖော်စတာနဲ့အတွေ့ အပိုင်ကန်သွင်းယူခဲ့လို့ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ဒီသွင်းဂိုးတစ်ဂိုးထဲကိုသာ မြင်တွေ့ခဲ့ရပါတယ်။


ဒုတိယပိုင်းမှာလည်း ဝက်ဖို့ဒ်ကပဲ ကစားပုံကောင်းကောင်းနဲ့ အသာစီးအနည်းငယ်ရရှိခဲ့ပြီးတော့ ယူနိုက်တက်ကို ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့် ဆိုးလ်ရှားက သူ့အသင်းကို လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး ပြင်ဆင်ခဲ့ရပါတယ်။ ဝက်ဖို့ဒ်အနေနဲ့ သရေကျနိုင်တဲ့အထိ ကစားပုံကောင်းခဲ့ပေမယ့် သေချာတဲ့ ဖန်တီးပေးမှု၊ အဆုံးသတ်မှုတွေ မရှိခဲ့ပါဘူး။

(၇၁)မိနစ်မှာတော့ လူကျွံအနေအထားကနေ မာရှယ်က ယူနိုက်တက်အတွက် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပါရဲရား ပေးပို့မှုကို ဖော်စတာ ကာကွယ်ခဲ့ပေမယ့် ဘောလုံးက လွတ်ထွက်လာခဲ့ပြီး လဲကျနေခဲ့တဲ့ မာရှယ်က ကန်သွင်းယူသွားခဲ့တာပါ။ ပွဲချိန်မိနစ် (၉၀)မှာ ဝက်ဖို့ဒ်တို့ လှပတဲ့တွဲလုံးကတဆင့် ချေပဂိုးတစ်ဂိုးရခဲ့ပြီး ဒူကူရီက အကောင်းဆုံးအဆုံးသတ်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ ယူနိုက်တက်က (၂-၁) နဲ့ပဲ အနိုင်ယူသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် အာဆင်နယ်မကစားရသေးခင်မှာ ယူနိုက်တက်က တစ်မှတ်အသာနဲ့ တစ်ပွဲပိုကန်ထားပြီး အဆင့် (၄) နေရာကို ယာယီတက်လှမ်းသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က