မာနေးက သူအလိုရှိနေတဲ့ လုပ်ခလစာကို လီဗာပူးဆီ အသိပေးထားတာပါ။

လီဗာပူးတိုက်စစ်ကစားသမား မာနေးဟာ အသင်းမှာ တပတ်လုပ်ခ ပေါင် (၄) သိန်းဝန်းကျင် အလိုရှိနေပြီး ဒီပမာဏကိုမရရင်တော့ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာသွားမယ်လို့ သိရှိရပါတယ်။ မာနေးဟာ လာမယ့် ဇွန် (၂၀၂၃) မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားပါ။



ဒီကစားသမားကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်က ကြိုးပမ်းနေပြီး တပတ်လုပ်ခ ပေါင် (၃၂၅,၀၀၀) နဲ့ တစ်နှစ်လုပ်ခ ပေါင် (၁၇) သန်းဝန်းကျင်ရရှိမယ့် စာချုပ်နဲ့ ကမ်းလှမ်းထားတယ်လို့ သိရှိရပါတယ်။ မာနေး၊ ဆာလာတို့နှစ်ယောက်လုံးဟာ အသက် (၃၀) ကို ချဥ်းနင်းဝင်ရောက်လာကြပြီး ဒီတကြိမ်ချုပ်ဆိုမယ့်စာချုပ်သစ်က သူတို့ရဲ့ ကစားသမားဘဝအတွက် အရေးပါဆုံးစာချုပ်သစ်တွေဖြစ်လာမှာပါ။

သူတို့နဲ့ တန်းတူကစားသမားတွေဖြစ်တဲ့ လီဝန်ဒေါစကီး၊ ဒီဘရိုင်း၊ ရော်နယ်ဒို၊ ဂရစ်ဇ်မန်း၊ ဒီဂီယာတို့ဟာ တပတ်လုပ်ခ ပေါင် (၃) သိန်းခွဲအထက်မှာရရှိနေကြပါတယ်။ အဲ့ဒါကြောင့်လည်း ဆာလာနဲ့မာနေးတို့ နှစ်ယောက် ဒီလိုမျိုး တောင်းဆိုတာက လွန်လွန်းတဲ့ အနေအထားမဟုတ်ဘူးလို့လည်း အားလုံးက သုံးသပ်ထားပါတယ်။

လက်ရှိလီဗာပူးမှာ လုပ်ခလစာအများဆုံး ကစားသမားက ဗန်ဒိုက်ချ်ပဲဖြစ်ပါတယ်။ ဗန်ဒိုက်ချ်ဟာ တပတ်လုပ်ခ ပေါင် (၂၂၀,၀၀၀) ရရှိနေပြီး ဆာလာက စာချုပ်သစ်အတွက် တပတ်လုပ်ခ ပေါင် (၅) သိန်း၊ မာနေးက တပတ်လုပ်ခ ပေါင် (၄) သိန်း တောင်းဆိုနေကြတာပါ။

လီဗာပူးဘက်ကတော့ ဒီလိုမျိုး လစာအများအပြားကို ပေးချေလိုခြင်းမရှိတဲ့အပြင် ဆာလာ၊ မာနေးတို့ရဲ့ အသက်အရွယ်ထောက်လာတာတွေကြောင့်လည်း အခုလိုမျိုး တွန့်ဆုတ်နေတာ ဖြစ်နိုင်ပါတယ်။ 

Share

က္က