သေနတ်နဲ့(၂)ချက် ပစ်ခတ်ခဲ့ရတာပါ။

တရားခံက လှိုင်သာယာကနေ လူသတ်ပြီးထွက်ပြေးကာ ပဲခူးမြို့မှာတိမ်းရှောင်နေတဲ့သူဖြစ်ပြီး ပဲခူးမြို့၊စတိုင်သစ်ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်နေစဉ် ပဲခူးတိုင်းဒေသကြီးရဲ့တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

photo- ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့

ပဲခူးမြို့၊ အမှတ်(၈)ရပ်ကွက်၊ မြို့ရှောင်(၁၂)လမ်းရှိ စတိုင်သစ်ဆံသဆိုင်မှာ ရန်ကုန်မြို့လှိုင်ယာယာကနေ လူသတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံကို ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာလ(၂၈)ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ တရားခံက ဆံသဆိုင်မှာ ဆံပင်ညှပ်ဖို့စောင့်ဆိုင်းနေရင်း ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရပါတယ်။

“ တရားခံက ဆံပင်ညှပ်ဆိုင်မှာ သူနဲ့အတူပါလာတဲ့တစ်ယောက်ဆံပင်ညှပ်နေတာကိုစောင့်နေတာ။ သူကတော့ပတ်ဝန်းကျင်ကိုအကဲခတ်တဲ့ပုံစံပေါ့။ အဲဒီရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေက အခုတရားခံနဲ့ရုပ်တူတယ်။ ဆံပင်ညှပ်ဆိုင်မှာရောက်နေတယ်လို့သတင်းပို့လို့ ကျွန်တော်တို့က တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ (၁၅)ယောက်လောက်သွားဖမ်းတာ။ ကျွန်တော်တို့ဆိုင်ရောက်တော့ သူကဆံပင်ညှပ်မို့ ခုံပေါ်မှာထိုင်နေပြီ။ ကျွန်တော်တို့ကဝင်ဖမ်းတဲ့အချိန်နဲ့ကွက်တိတိုးတော့ သူလည်းဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ကပ်ကြေးကိုပြေးဆွဲပြီး ပြန်ခုခံတာ။ အဲဒီအခါကျတော့ ကျွန်တော်ဘက်ကလည်း သေနတ်နဲ့ ပထမတစ်ချက်ပစ်တာ ခြေသလုံးမှန်တယ်။ မှန်နေရင်းနဲ့ပဲ ထပ်ပြီး ခုခံတော့မှ နောက်တစ်ချက်ထပ်ပစ်လိုက်တာ တင်ပါးကိုထိပြီး လဲကျသွားတာ။ သေနတ်နဲ့ (၂)ချက်ပြစ်ပြီး ဖမ်းခဲ့ရတယ်” လို့ ပဲခူးတိုင်းဒေသကြီး နယ်ထိန်းရဲတပ်ကြပ်မြင့်နိုင်က Duwun ကိုပြောပါတယ်။

photo- ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့

အခုဖမ်းမိတဲ့တရားခံက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ဓားထိုးမှုနဲ့လူသတ်တရားခံအဖြစ် စခန်းမှာအမှုဖွင့်ခံထားရတဲ့သူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တစ်လလောက်ကတည်းက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှ ယခုတရားခံပြေးနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကို ဓာတ်ပုံတွေ၊ အချက်အလက်တွေနဲ့တကွ သတင်းပေးထားတာလို့ နယ်ထိန်းရဲတပ်ကြပ်မြင့်နိုင်ကပြောပါတယ်။ ဖမ်းဆီးရမိတဲ့တရားခံဟာ အသက်(၄၀)နှစ်အရွယ် အေးမြင့်(ခ)သားချိုဖြစ်ပြီး လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့က အပူတပြင်းရှာနေတဲ့တရားခံဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ရှိမှာတော့ ပဲခူးတိုင်းဒေသကြီးရဲ့တပ်ဖွဲ့မှ အဆိုပါတရားခံကို လှိုင်သာယာမြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က