မိုးကအဆက်မပြတ်ရွာနေတာကြောင့် ကံတင်ဘီးလင်းဆည်ကလည်း ရေများပြီးကျိုးကျမှာဆိုးတော့ ဆည်ရေလွှတ်တာနဲ့ မိုးရေနဲ့ပေါင်းပြီး အခုလို အနိမ့်ပိုင်းတွေမှာ ရေကြီးနေတာဖြစ်တယ်လို့ မင်းလှမီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးကျော်အောင်က Duwun ကိုပြောပါတယ်။
photo- ရဲသူရိန်
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် မှာ ပြီးခဲ့တဲ့(၃)ရက်လောက်ကတည်းက ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့ထိ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မင်းလှမြို့နယ် စိန်ကန့်လန့်ကျေးရွာ အနိမ့်ပိုင်းမှာ ရေကြီးမှုဖြစ်ပေါ်လျှက်ရှိတယ်လို့ မင်းလှမြို့ မီးသတ်ဦးစီးဌာနမှသိရပါတယ်။
ကျေးရွာအနိမ့်ပိုင်းဒေသတွေမှာ ရေဝင်ရောက်လျှက်ရှိသလို ရန်ကုန်- ပြည်ကားလမ်းမကြီးမှာလည်း ရေတက်နေတာကြောင့် ခရီးသွားပြည်သူတွေအန္တရာယ်ကင်းဖို့အတွက် ကူညီရေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးနေရတယ်လို့ဆိုပါတယ်။
photo- ရဲသူရိန်
“ မိုးရေကြောင့်ရယ်၊ ဆည်ရေလွှတ်တာနဲ့ပေါင်းပြီး ရေကြီးနေတာပေါ့နော်။ မိုးကရက်ဆက်နေပြီ။အဆက်မပြတ်ရွာနေတာဆိုတော့ ကံတင်ဘီးလင်းဆည်ကလည်း ရေများပြီးကျိုးကျမှာဆိုးတော့ ဆည်ရေလွှတ်တယ်လို့တော့ ကြားတယ်။ အခုစိန်ကန့်လန့်ကျေးရွာ၊ စစ်ကွင်းနဲ့ ကျောက်တိုင်တို့ဘက်မှာလည်း ရေဝင်နေတယ်ပြောတယ်။ဆည်ရေလွှတ်တော့ ရန်ကုန်- ပြည်ကားလမ်းမကြီးမှာလည်း ရေကျော်နေတော့ ခရီးသွားပြည်သူတွေ လမ်းချော်ပြီး လမ်းဘေးထွက်မကျအောင် ကြိုးတွေနဲ့တားကာ လမ်းပြပြီး ကူညီဆောင်ရွက်ပေးနေရတာတွေတော့ရှိတယ်” လို့ မင်းလှမြို့မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးကျော်အောင်က Duwun ကိုပြောပါတယ်။
မင်းလှမြို့ဟာ နှစ်တိုင်းရေကြီးနေကျဖြစ်ပြီး အခုရေကြီးမှုကလည်း အိမ်တွေမြုပ်တဲ့အထိဆိုးဆိုးရွားရွားတော့မဟုတ်ဘူးလို့ ဦးမျိုးကျော်အောင်ကပြောပါတယ်။ မင်းလှမြို့နယ်ရေကြီးမှုကိုတော့ မင်းလှမြို့ မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်အင်းအား(၁၀)ဦးနဲ့ အရန်မီးသတ်အင်အား (၂၀)ဦးတို့နဲ့ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။