ပဲခူးတိုင်းမှာ စက်တင်ဘာ ၁၁ ရက်လောက်စတင်ပြီး မိုးများပြီး ရေကြီးမှုတွေ ဖြစ်နေရာ လူဦးရေ ၅ သောင်းကျော်လောက် ယာယီစခန်းမှာ ခိုလှုံနေရတယ်လို့ ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ်ဦးညွှန့်ရွှေက Duwun ကိုပြောပါတယ်။
Photo-Naung Naung Soe (ပဲခူးမြို့ ရေကြီးနေစဉ်မြင်ကွင်း) ပဲခူးတိုင်း ရွှေမော်တော်ဘုရားခြေရင်း သာသနာ့ဗိမာန်မှာ ကွပ်ကဲရေးစခန်းဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးစခန်းပေါင်း ၂၉ ခုမှာ ရေဘေးသင့်ပြည်သူတွေ ခိုလှုံနေရတယ်လို့ သိရပါတယ်။ ဒီနေ့စက်တင်ဘာ ၁၄ ရက်မှာ ရေတဖြည်းဖြည်း ပြန်လည်ကျဆင်းလာရာ ၁၁ မီတာလောက် ကျဆင်းသွားပေမယ့် ကားလမ်းမပေါ်မှာတော့ ၆ လက်မခန့် ရေကျော်နေသေးတယ်လို့ ဦးညွှန့်ရွှေက ပြောပါတယ်။ “ ကယ်ဆယ်ရေးကတော့ နောက်တစ်ရက် နှစ်ရက်နေရင် ပြီးလိမ့်မယ်လို့ ထင်ပါတယ်။ ရေက ဆက်လျော့နေမယ်။ နောက်ထပ်မိုး မရွာဘူး။ ဆည်တွေကလည်း ရေမလွှတ်ဘူးဆိုရင်ရေက ပြန်ကျပါတော့မယ်” လို့ ဆိုပါတယ်။ ပဲခူးမြို့အပြင် ပဲခူးမြစ်ဝှမ်းတစ်လျှောက်က မြို့နယ်တွေ၊ ကျေးရွာတွေမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ ပဲခူးမြို့ရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ မိုးရာသီကာလရောက်တိုင်း ရေနစ်မြှုပ်မှု ဖြစ်ပွားလေ့ရှိပြီး အဲဒီကာလရောက်တိုင်း အနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်သူတွေက ယာယီစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ရတယ်လို့သိရပါတယ်။ ယခုနှစ် မိုးရာသီကာလအတွင်း ပဲခူးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ၊ ပဲခူးမြစ်ရေကြီးမှုတွေ ကြောင့် စာသင်ကျောင်းတွေ ယာယီပိတ်ထားခဲ့သလို အိမ်ထောင်စုတွေ ရေဘေးဒဏ်ခံစားခဲ့ရတာတွေ ရှိခဲ့ပါတယ်။ စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က တိုင်းတာချက်အရ ပဲခူးမြစ်ရေဟာ ၉၁၀ စင်တီမီတာကို ရောက်ရှိနေတာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။