အသက် ၃၅ နှစ်အရွယ် ဗဟိုခံစစ်မှူးဟာ ရီးရဲလ်ကစားသမားဘဝမှာကတည်းက ရရှိနေခဲ့တဲ့ ဒဏ်ရာတွေကို ပီအက်စ်ဂျီမှာ ဆက်လက်ကုသမှုလုပ်နေခဲ့ရတာလည်းဖြစ်ပါတယ်။
ဒီရာသီအစကမှ ရီးရဲလ်မက်ဒရစ်ကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ခဲ့တဲ့ ၀ါရင့်နောက်ခံလူကြီး ဆာဂျီယိုရာမို့စ်ဟာ အသင်းသစ်အတွက် ပွဲထွက်ကစားပေးဖို့ နှောင့်နှေးနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ သူ အသင်းအတွက် စတင်ကစားပေးနိုင်တော့မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်
ရာမို့စ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ဖို့ကို အရင်ဆုံးလုပ်ရဦးမှာဖြစ်ကြောင်း Goal.com က ဆိုပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ "ဆာဂျီယိုရာမို့်စ်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာ တစ်ဦးတည်း ၁၀ ရက်တာ ဆက်လက်လေ့ကျင့်သွားမှာပါ၊ ပြီးတော့မှသာ သူ အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်ဖို့ ရည်ရွယ်ထားပါတယ်" လို့ ပါရှိခဲ့ပါတယ်။ ရာမို့စ်ဟာ ခြေသလုံးဒဏ်ရာပြသနာကို ခံစားနေရတာဖြစ်ပြီး လက်ရှိမှာတော့ အသင်းသစ်မှာ ၁၂ပွဲအထိ လွဲချော်ခဲ့ရပြီးဖြစ်ပါတယ်။
ကလပ်အသင်းဘက်က ပြောဆိုခဲ့တဲ့အတိုင်းဆိုရင် သူဟာ အန်ဂါစ်နဲ့ပွဲကိုလည်း လွဲချော်မှာဖြစ်သလို လိုက်ဇစ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲကိုလည်း ပါဝင်နိုင်မှာမဟုတ်ဘဲ အောက်တိုဘာ ၂၄ ရက်မှာကစားမယ့် မာဆေးလ်နဲ့ပွဲကိုပါ ထပ်မံလွဲချော်ဦးမှာဖြစ်ပါတယ်။ ဒါကြောင့် အောက်တိုဘာ ၂၉ ရက်နေ့မှာကစားရမယ့် လိုင်လီနဲ့ပွဲကိုမှ သူ ဝင်ကစားပေးနိုင်ဖွယ်ရှိကာ သူ့ရဲ့ ပွဲဦးထွက်ပွဲကို ကစားခွင့်ရဖို့ ၂ပတ်ကျော် စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။