ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။

PFA တနှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ရွှေဖိနပ်ဆုရှင် ဆွန်ဟောင်မင် တယောက် အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရပြီး ရော်နယ်ဒိုပါဝင်လာတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ ဆွန်ဟောင်မင်ဟာ ဆာလာနည်းတူ ပရီးမီးယားလိဂ်သွင်းဂိုး (၂၃) ဂိုးသွင်းယူကာ ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးခဲ့ပါတယ်။



ဒါ့အပြင် ဆွန်ဟောင်မင်ရဲ့သွင်းဂိုးတွေမှာ ပင်နယ်တီတလုံးမှမပါဝင်ခဲ့ဘဲ ဂိုးဖန်တီးမှုကလည်း (၁၃) ကြိမ်အထိရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်နဲ့အတူ ရုန်းကန်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့တဲ့ ရော်နယ်ဒိုက ပါဝင်လာခဲ့ပြီး ဆွန်ဟောင်မင်က ချန်လှပ်ခံခဲ့ရတဲ့အပေါ် ပရိသတ်တွေက စိတ်ပျက်ဒေါသထွက်နေကြပါတယ်။

လက်ရှိထုတ်ပြန်ထားတဲ့ PFA ရဲ့တနှစ်တာအကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းမှာ မန်စီးတီးက ဒီဘရိုင်း၊ လီဗာပူးက ဆာလာ၊ မာနေး၊ ဗန်ဒိုက်ချ်၊ ယူနိုက်တက်က ရော်နယ်ဒို၊ စပါးက ဟာရီကိန်းတို့ ပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်တနှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာလည်း ရော်နယ်ဒိုနဲ့မာနေးတို့ ချန်လှပ်ခံရလို့ ဝေဖန်မှုတွေပြင်းထန်ခဲ့ပါသေးတယ်။

ပရီးမီးယားလိဂ်တနှစ်တာအကောင်းဆုံးကစားသမားဆုကိုတော့ ဒီဘရိုင်းက ဆွတ်ခူးခဲ့ပါတယ်။ အခု PFA ရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့တဲ့ ဟာရီကိန်းကလည်း ပရီးမီးယားလိဂ်သွင်းဂိုး (၁၇) ဂိုးသာ သွင်းယူထားနိုင်ပြီး ဒီကစားသမားက ဆွန်ဟောင်မင်ကို ကျော်ပြီး ပါဝင်လာတဲ့အပေါ် မေးခွန်းထုတ်နေကြပါတယ်။ ပရိသတ်အချို့ကတော့ ဒါဟာ အာရှသားတယောက်အပေါ် ပရီးမီးယားလိဂ်ရဲ့ လူမျိုးရေးခွဲခြားမှုတခုလို့စွပ်စွဲနေကြပါတယ်။

ဆွန်ဟောင်မင်ဟာ အာရှသားတယောက်ဖြစ်ပြီး ဥရောပထိပ်တန်းလိဂ်ငါးခုမှာ ရွှေဖိနပ်ဆုရခဲ့တဲ့ ပထမဆုံး အာရှကစားသမားဖြစ်ခဲ့ပါတယ်။ အခု PFA ရဲ့လုပ်ရပ်ကတော့ တော်တော်လေး စိတ်ပျက်စရာဖြစ်ခဲ့ပြီး ရော်နယ်ဒို၊ မာနေးတို့ ပရီးမီးယားလိဂ်တနှစ်တာ အကောင်းဆုံး ဆန်ခါတင်မှာ မပါဝင်ခဲ့လို့ သူတို့ကို ဦးစားပေးထည့်ရင်း ဆွန်ဟောင်မင်ကို ကျန်ခဲ့ပုံရတယ်လို့လည်း လှောင်ပြောင်နေကြပါတယ်။ 

Share

က္က