ရောဂါပြင်းထန်နိုင်တဲ့ အရွယ်ရောက်ပြီးသူတွေမှာ ဆေးရုံတက်ရမှု သို့မဟုတ် သေဆုံးမှု အန္တရာယ်ကို ၈၉ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်

အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer က ထုတ်လုပ်ထားတဲ့ COVID-19 ကုသရန် ဗိုင်းရပ်စ်သတ် သောက်ဆေးက ရောဂါပြင်းထန်နိုင်တဲ့ အရွယ်ရောက်ပြီးသူတွေမှာ ဆေးရုံတက်ရမှု သို့မဟုတ် သေဆုံးမှု အန္တရာယ်ကို ၈၉ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း ကုမ္ပဏီက ယနေ့ (နိုဝင်ဘာ ၅ ရက်) ထုတ်ပြန်ပါတယ်။

Pfizer သောက်ဆေးရဲ့ စမ်းသပ်မှုရလဒ်က အခြား အမေရိကန်ဆေးဝါးကုမ္ပဏီ Merck & Co နဲ့ ဇီဝနည်းပညာကုမ္ပဏီ Ridgeback Biotherapeutics တို့ ပူးပေါင်းထုတ်လုပ်တဲ့ Molnupiravir အမည်ရှိ ဗိုင်းရပ်စ်သတ် သောက်ဆေးထက် ပိုမိုသာလွန်ကြောင်း သိရပါတယ်။ Molnupiravir သောက်ဆေးက အရွယ်ရောက်ပြီးသား COVID-19 ကူးစက်ခံသူတွေမှာ ဆေးရုံတက်ရမှု သို့မဟုတ် သေဆုံးမှု အန္တရာယ်ကို ထက်ဝက်ခန့် လျှော့ချပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိထားပါတယ်။ Pfizer က ယခုရလဒ်ကို သိရှိရပြီးနောက် စမ်းသပ်မှုကို ရပ်လိုက်ပြီလို့ ဆိုပါတယ်။



(Photo: Reuters)

COVID-19 ကုသဆေးအဖြစ် ထုတ်လုပ်ထားတဲ့ ယခုဆေးနှစ်မျိုးလုံးရဲ့ စမ်းသပ်မှုအချက်အလက် အပြည့်အစုံကိုတော့ ကုမ္ပဏီတွေက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ Molnupiravir သောက်ဆေးကို ဗြိတိန်က COVID-19 ကုသရန်အတွက် လတ်တလော တရားဝင် ခွင့်ပြုချက်ပေးခဲ့ပြီ ဖြစ်ပါတယ်။

ဗြိတိန်က Pfizer သောက်ဆေး ဆေးပတ် ၂၅၀,၀၀၀ စာနဲ့ Merck & Co ထုတ် Molnupiravir သောက်ဆေး ဆေးပတ် ၄၈၀,၀၀၀ စာ ကြိုတင်မှာကြားထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ Pfizer က ထုတ်လုပ်တဲ့ COVID-19 ကုဆေး (ဗိုင်းရပ်စ်သတ်ဆေး) ကို ယခင်ရှိပြီးသား ritonavir အမည်ရှိ ဗိုင်းရပ်စ်သတ်ဆေးနဲ့ တွဲသောက်ရမှာ ဖြစ်ပါတယ်။

(Pfizer ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ် Albert Bourla) (Photo: Giannis Papanikos / AP)

Pfizer က ၎င်းတို့ရဲ့ COVID-19 ကုသဆေးကို အမေရိကန် FDA (Food and Drug Administration) ထံမှ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ရရှိရန် လျှောက်ထားသွားမယ်လို့ ဆိုပါတယ်။ Pfizer က Paxlovid လို့ အမည်ပေးထားတဲ့ COVID-19 ကုထုံးအရ အသစ်ထုတ်လုပ်ထားတဲ့ ဗိုင်းရပ်စ်သတ်ဆေးနဲ့ ritonavir ဗိုင်းရပ်စ်သတ်ဆေးတို့ပါဝင်တဲ့ ဆေးသုံးလုံးကို တစ်နေ့လျှင် နှစ်ကြိမ် သောက်ရတာဖြစ်ပါတယ်။

၎င်းတို့ ထုတ်လုပ်ထားတဲ့ သောက်ဆေးဟာ လူနာများရဲ့ အသက်တွေကိုကယ်တင်ရန် အလားအလာကောင်းရှိထားတယ်လို့ Pfizer ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ် Albert Bourla က ပြောပါတယ်။ Pfizer သောက်ဆေးက COVID-19 ပြင်းထန်ခြင်းကို လျှော့ချပေးပြီး ၁၀ ဦးမှာ ၉ ဦးအထိ ဆေးရုံမတက်ရဘူးလို့ ၎င်းကဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က