Pfizer-BioNTech ကာကွယ်ဆေးကို ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးတွေအတွက် တရားဝင် အသုံးပြုခွင့်ပေးရန် ဖြစ်ပါတယ်

အမေရိကန်အခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer နဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကို ကလေးတွေအတွက် အသုံးပြုရန် အမေရိကန် FDA ရဲ့ ပြင်ပကျွမ်းကျင်သူများ အကြံပေးအဖွဲ့က ထောက်ခံလိုက်ပါတယ်။

အမေရိကန် FDA (Food and Drug Administration) အနေနဲ့ Pfizer-BioNTech ကာကွယ်ဆေးကို အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးတွေအတွက် တရားဝင် အသုံးပြုခွင့်ပေးရန် ပညာရှင်အဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၂၆ ရက်) မှာ တခဲနက် မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ကလေးတွေမှာ Pfizer-BioNTech ကာကွယ်ဆေးကို အသုံးပြုခြင်းက အန္တရာယ်ထက် အကျိုးကျေးဇူးပိုရှိကြောင်း ကျွမ်းကျင်သူအဖွဲ့က ဆိုပါတယ်။



(Photo: Reuters)

ထိုအသက်အရွယ်အုပ်စုအတွက် ကာကွယ်ဆေးတစ်မျိုး ခွင့်ပြုချက်ပေးခြင်းက အများစုဟာ စာသင်ခန်းကို ပြန်သွားနေကြပြီဖြစ်တဲ့ အမေရိကန်ရှိ ကလေးငယ် ၂၈ သန်းခန့်ကို ကာကွယ်ဆေးထိုးပေးနိုင်ရေး အရေးပါတဲ့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။ အမေရိကန်မှာ ပိုမိုငယ်ရွယ်တဲ့ အသက်အုပ်စုတွေကို COVID-19 ကာကွယ်ဆေးထိုးနှံမှုများ အစောဆုံးအနေဖြင့် လာမယ့် သီတင်းပတ်အတွင်း စတင်နိုင်မယ်လို့ ဆိုပါတယ်။

ဆေးဝါးတစ်မျိုးမျိုးကို တရားခွင့်ပြုချက်ပေးရာမှာ FDA က ပြင်ပကျွမ်းကျင်သူအဖွဲ့ရဲ့ အကြံပြုထောက်ခံချက်အတိုင်း ဆောင်ရွက်ရန်တာဝန်မရှိပေမဲ့ ပုံမှန်အားဖြင့် ထိုအဖွဲ့က ထောက်ခံပါက FDA ကလည်း ခွင့်ပြုချက်ပေးလေ့ရှိပါတယ်။ ယမန်နေ့က ကျွမ်းကျင်သူအဖွဲ့ရဲ့ မဲခွဲမှုရလဒ်မှာ ထောက်ခံမဲ ၁၇ မဲ၊ ကန့်ကွက်မဲ ၄ မဲနဲ့ မဲမပေးသူ တစ်ဦးရှိခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

အကယ်၍ FDA က ကလေးငယ်တွေမှာ Pfizer-BioNTech ကာကွယ်ဆေး အသုံးပြုရန် ခွင့်ပြုချက်ပေးလိုက်ပါက အမေရိကန် CDC (Centers for Disease Control and Prevention) အကြံပေးအဖွဲ့က နောက်ဆုံး ထောက်ခံချက်ပေးရန် လာမယ့် သီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ထို့နောက် CDC ညွှန်ကြားရေးမှူးက Pfizer-BioNTech ကာကွယ်ဆေးကို အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးတွေအတွက် အသုံးပြုနိုင်ကြောင်း နောက်ဆုံး အတည်ပြုချက်ပေးသွားမယ်လို့ ဆိုပါတယ်။

ကလေးငယ်တွေဟာ အရွယ်ရောက်ပြီးသူတွေနဲ့ နှိုင်းယှဥ်ပါက COVID-19 ရောဂါပြင်းထန်မှု သို့မဟုတ် သေဆုံးမှု ရှားပါးကြောင်း သိရပါတယ်။ အမေရိကန်မှာ အချို့ကလေးတွေကတော့ နောက်ဆက်တွဲ ထပ်တိုးရောဂါများဖြစ်တတ်ပြီး ပိုမိုကူးစက်မြန်တဲ့ ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် ကာကွယ်ဆေးထိုးမထားတဲ့ ကလေးတွေမှာ COVID-19 ကူးစက်မှုများ မြင့်တက်လာပါတယ်။ American Academy of Pediatrics ရဲ့ အချက်အလက်တွေအရ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ် ၅၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။ 

Share

Loading Next Article...
က္က