ဘရာဇီးလ်လက်ရွေးစင်နောက်ခံလူဟာ အလွတ်ထွက်ခွာခွင့်ရရှိထားသူဖြစ်ပြီးတော့ ကလပ်အသင်းက စာချုပ်သစ်မချုပ်တော့ဘူးလို့ အတည်ပြုထားပြီးဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြမော်ရင်ဟိုဟာ ပီအက်စ်ဂျီအသင်းကထွက်ခွာတော့မယ့် နောက်ခံလူသီယာဂိုဆေးလ်ဗားကို ခေါ်ယူဖို့အတွက် ဆက်သွယ်နေပြီလို့ သိရပါတယ်။ ဘရာဇီးလ်လက်ရွေးစင်နောက်ခံလူဟာ အလွတ်ထွက်ခွာခွင့်ရရှိထားသူဖြစ်ပြီးတော့ ကလပ်အသင်းက စာချုပ်သစ်မချုပ်တော့ဘူးလို့ အတည်ပြုထားပြီးဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ်နောက်ခံလူဟာ စပါးအသင်းနောက်တန်းကို ဦးဆောင်ပေးနိုင်လိမ့်မယ်လို့ မော်ရင်ဟိုက ယုံကြည်နေကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ် နဲ့ အဲဗာတန်တို့ကလည်း စိတ်ဝင်စားမှုရှိနေတယ်လို့ သိရပြီး ဗာတွန်ဂန်ထွက်ခွာသွားနိုင်တဲ့ အခြေအနေအတွက် မော်ရင်ဟိုက အမြန်ဆုံးလက်ဦးမှုရယူချင်နေတာဖြစ်ပါတယ်။
ဆေးလ်ဗားဟာ ပီအက်စ်ဂျီအတွက် ဒီရာသီမှာ ပွဲပေါင်း ၃ဝအထိ ကစားပေးထားခဲ့ပြီးဖြစ်ပါတယ်။ အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပေမယ့်လည်း အသက်အရွယ်ကြီးရင့်လာမှုကြောင့် ပီအက်စ်ဂျီက လက်လွှတ်ခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေကိုတော့ ဆက်လက်ကစားပေးရဖို့ ရှိနေပါသေးတယ်။
စပါးကတော့ ဒီရာသီမှာ ပေးဂိုး ၄ဝအထိ ရှိနေခဲ့ပြီး ထိပ်ဆုံးအသင်း ၁၀ ထဲမှာ ပေးဂိုးအများဆုံးအသင်းအဖြစ် ဘန်လေနဲ့အတူ ရပ်တည်နေတာဖြစ်ပါတယ်။ ခံစစ်ဘုရင်လို့ နာမည်ကျော်ကြားခဲ့တဲ့ မော်ရင်ဟိုအတွက် အဆိုပါမှတ်တမ်းက အရှက်ရဖွယ်ဖြစ်နေပြီးတော့ သူ့လက်ထက်မှာလည်း စပါးအသင်းဟာ ပေးဂိုးတွေဆက်တိုက်ခွင့်ပြုနေရတာဖြစ်ပါတယ်။