ပီအက်စ်ဂျီက တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းခွဲနဲ့ ကမ်းလှမ်းခဲ့တာပါ။

ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ ရှိနေပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဒါဟာရဲရားက အိုးထရက်ဖို့ဒ်မှာသာ ဆက်လက်ကစားချင်တယ်လို့ သိရပြီး အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီလို့လည်း အင်္ဂလန်သတင်းဌာနများက ဖော်ပြခဲ့ကြပါတယ်။

ဟာရဲရား နဲ့ ယူနိုက်တက်တို့ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်ထိ စာချုပ်သစ်မချုပ်ဆိုနိုင်သေးတာ ဖြစ်ပါတယ်။ ဒီအတွက် ပီအက်စ်ဂျီက ဟာရဲရားကို တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းခွဲအထိ ပေးချေပြီး ခေါ်ယူဖို့အတွက် ကမ်းလှမ်းခဲ့ပြီးတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိမယ့် ကစားသမားကို ဆွဲဆောင်လာတာ ဖြစ်ပါတယ်။

မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြချက်မှာတော့ ကစားသမားဘက်က ပြင်သစ်ကလပ်အသင်းကို ဆက်သွယ်မှုမရှိခဲ့ဘူးလို့ သိရပြီး ယူနိုက်တက်နဲ့သာ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေတယ်လို့ ရေးသားခဲ့ပါတယ်။ ယူနိုက်တက်ကရော၊ ကစားသမားကပါ စာချုပ်သစ်ကို မကြာခင်မှာ ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေပြီး ဟာရဲရားဟာ အင်္ဂလန်မှာသာ ဆက်ရှိနေဖွယ် ရှိနေပါပြီ။

အသက်(၂၉)နှစ်အရွယ် စပိန်ကွင်းလယ်လူဟာ ယူနိုက်တက်ကွင်းလယ်မှာ ပေါ့ဂ်ဘာ၊ မာတစ်တို့နဲ့ တွဲဖက်ကစားပြီး ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ ဟာရဲရားက ပွဲပေါင်း (၅)ပွဲ ကစားဖို့ လွဲချော်ခဲ့ပြီး (၄)ပွဲကတော့ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရတာ ဖြစ်လို့ အိုလီဂန်နာဆိုးလ်ရှားလက်ထက်မှာ အဓိကကစားသမားအဖြစ် ရပ်တည်နေခဲ့သူ ဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်လူ ရာဘီယော့ကို အလွတ်ထွက်ခွာခွင့် ပေးရတော့မယ့်အချိန်မှာ ပီအက်စ်ဂျီက အခြားကစားသမားတစ်ဦးကို ပြန်လည်ခေါ်ယူပြီး အားဖြည့်ဖို့အတွက် ကြိုးစားခဲ့ရာမှာ ဟာရဲရားကို မျက်စိကျခဲ့တာဖြစ်ပြီး ကမ်းလှမ်းခဲ့တာလို့သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားက

အိုးထရက်ဖို့ဒ်မှာသာ ဆက်နေဖို့ ဆန္ဒရှိနေလို့ မကြာခင်မှာပဲ ဟာရဲရားနဲ့ယူနိုက်တက်တို့ရဲ့ စာချုပ်သစ်ချုပ်ဆိုမှု ဖြစ်ပေါ်လာဖွယ် ရှိလာခဲ့ပါပြီ။

Share

Loading Next Article...
က္က