မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ ပီအက်စ်ဂျီအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကင်ပန်ဘီနဲ့ ဘတ်ပီတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးပိုများသွားခဲ့ပြီဖြစ်ပါတယ်။
ဆန်းချက်ဇ်ဟာ ပထမပိုင်းပြီးဆုံးခါနီးမှာ ဒဏ်ရာရရှိသွားတဲ့လင်ဂတ်အစား လူစားဝင်ကစားပေးခဲ့သူဖြစ်ပြီး ဒုတိယပိုင်းမှာ ကောင်းမွန်တဲ့ခြေစွမ်းမပြသနိုင်ခဲ့ပေမယ့်လည်း ကင်ပန်ဘီရဲ့အဖွင့်ဂိုးအပြီးမှာ ပွဲအရှိန်ကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့ ယုံကြည်ချက်မျိုး အသင်းဖော်တွေဆီမှာ မတွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
“သူတို့ရဲ့အဖွင့်ဂိုးကို သွင်းယူပြီးတဲ့အချိန်မှာ ကျွန်တော် အသင်းဖော်တွေကို ကြည့်လိုက်မိတယ်။ ပြီးတော့ ကျွန်တော် တစ်ခုခုတော့မဟုတ်တော့ဘူးလို့ တွေးမိခဲ့တယ်”
“သူတို့ရဲ့မျက်လုံးထဲကို ကျွန်တော် ကြည့်ခဲ့ပြီး တွေးခဲ့မိတာကတော့ ပြန်လာနိုင်သေးတယ်ဆိုတဲ့ ခံစားချက်မျိုး ရှိမနေဘူးဆိုတာပဲ။ ကျွန်တော် အဲဒါကို မတွေ့ခဲ့ဘူး”လို့ ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ ပေါ့ဂ်ဘာ၊ မာရှယ်၊ လင်ဂတ်တို့ ပါဝင်ကစားနိုင်မှာမဟုတ်ဘဲ ယာယီနည်းပြဆိုးလ်ရှားအနေနဲ့ လူငယ်ကစားသမားအချို့ကို ပွဲထုတ်သွားဖွယ် ရှိနေပါတယ်။