မန်ချက်စတာယူနိုက်တက်အသင်းရဲ့ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ယနေ့ညနေမှာ ပီအက်စ်ဂျီအသင်းနဲ့ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံှုးထွက်ဒုတိယအကျော့ပွဲစဉ်မတိုင်မီ မန်ယူအသင်းတွဲဖက်ပို်င်ရှင် အေဗရန်ဂလေဇာနဲ့ တွေ့ဆုံခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂါနေ့ညက ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်းမှာ လေ့ကျင့်ရေးပြုလုပ်ခဲ့ပြီး လေ့ကျင့်ရေးအစီအစဉ်မတိုင်မီမှာ ဆိုးလ်ရှားက ကွင်းဘေးမှာ ဂလေဇာနဲ့ စကားပြောနေခဲ့တာဖြစ်ပါတယ်။
ဂလေဇာနဲ့ ဆိုးလ်ရှားတို့ စကားပြောဆိုနေတဲ့အချိန်မှာ မိုက်ခရိုဖုန်းနဲ့ အသံဖမ်းယူထားခြင်းမရှိတာကြောင့် ဘယ်အကြောင်းအရာကို ပြောဆိုနေမှန်းမသိရပေမယ့် ဆိုးလ်ရှားကို အမြဲတမ်းနည်းပြရာထူးကို ခန့်အပ်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ မြင့်တက်လာခဲ့ပါတယ်။
ဆိုးလ်ရှားဟာ နည်းပြမော်ရင်ဟို ထုတ်ပယ်ခံခဲ့ရပြီးနောက် ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့အချိန်ကတည်းက အထင်ကြီးလောက်ဖွယ် နည်းပြစွမ်းရည်ကို ပြသခဲ့သူဖြစ်ပြီး ၁၆ ပွဲမှာ ၁၃ ပွဲအထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။
အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆိုးလ်ရှားဟာ ပေါ့ဂ်ဘာ၊ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ လုခ်ရှော အပါအဝင် အသင်းရဲ့ ပထမပွဲထွက်ကစားသမားတွေကို စွမ်းဆောင်ရည်တိုးတက်အောင် အံ့အားသင့်ဖွယ် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။