မက်ဆီတယောက် ပြင်သစ်ကထွက်ခွာနိုင်ချေ မြင့်တက်လာပါပြီ။

ပီအက်စ်ဂျီကတော့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ လိုင်ယွန်နဲ့ပွဲကို ထပ်မံအရေးနိမ့်သွားခဲ့လို့ လီဂူး ၂ပွဲဆက်တိုက် ရှုံးနိမ့်ကာ အမှတ်ပ​ေးဖလားအတွက်ပါ စိုးရိမ်စရာဖြစ်လာခဲ့ရပါပြီ။ ရန်းနက်စ်ကို အိမ်ကွင်းမှာရှုံးပြီးတဲ့နောက် လိုင်ယွန်ကိုပါ ထပ်မံအရေးနိမ့်ခဲ့တာဖြစ်ပြီး အခုဆိုရင် အမှတ်ပေးဇယားမှာ ဒုတိယနေရာက လန်းစ်နဲ့ ၆ မှတ်သာ ကွာဟတော့တဲ့ အနေအထားမှာသာ ရှိနေပြီဖြစ်ပါတယ်။ 

လိုင်ယွန်နဲ့ပွဲမတိုင်ခင်မှာ မက်ဆီရဲ့ နာမည်ကို ကြေညာခဲ့ချိန်မှာလည်း ပရိသတ်အချို့က အော်ဟစ်လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။ ဒီပွဲမှာလည်း မက်ဆီတယောက် အသင်းအတွက် ဂိုးမသွင်းနိုင်၊ ဖန်တီးမှုမလုပ်ပေးနိုင်ဖြစ်ခဲ့ရပြီး ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေကာ လက်ရှိအခြေအနေတွေက သူ့ကို အသင်းကနေ ထွက်ခွာဖို့ တွန်းပို့နေသလို ဖြစ်နေခဲ့ပါပြီ။ 

လိုင်ယွန်အတွက် တလုံးတည်းသောအနိုင်ဂိုးကို ဘာကိုလာက ၅၆ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာ လိုင်ယွန်တို့ ပင်နယ်တီရရှိခဲ့သေးပေမယ့် လာကာဇက် ကန်သွင်းရာမှာ လွဲချော်ခဲ့လို့သာ ဂိုးမပြတ်ခဲ့တာပါ။ ဘတ်ပီက အသင်းအတွက် ချေပဂိုးသွင်းယူပေးနိုင်ဖို့ အခွင့်အရေးရခဲ့ပေမယ့် လိုင်ယွန်ဂိုးသမားက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ 

ပီအက်စ်ဂျီအတွှက် ဒါဟာ ကမ္ဘာ့ဖလားအပြီး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၇ ပွဲအထိ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ နည်းပြဂဲလ်တီယာအတွက်လည်း ဖိအားတွေရှိလာခဲ့ပြီဖြစ်ပြီး ပုံမှန်ရယူနေကျ အမှတ်ပေးဖလားကိုတောင် လန်းစ်နဲ့ အပြိုင်အဆိုင် လုယူရမယ့် အနေအထားဖြစ်နေကာ ဒီအခြေအနေတွေက မက်ဆီအတွက် စိတ်ပျက်စရာကောင်းနေမှာ​ သေချာပါတယ်။ 

ရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်တော့မယ့် မက်ဆီက စာချုပ်သစ်အတွက် ဆွေးနွေးနေတဲ့အဆင့်မှာသာ ရှိနေသေးတာပါ။ အခုလိုမျိုး ပရိသတ်တွေက သူ့ကိုလှောင်ပြောင်နေကာ၊ အသင်းရလဒ်ပိုင်းက ဆိုးရွားကျဆင်းနေတာတွေက စာချုပ်သစ်ချုပ်ဆိုဖို့ထက် အသင်းကထွက်ခွာဖို့ကို တွန်းအားပေးနေသလို ဖြစ်နေခဲ့ပါပြီ။ 

Share

Loading Next Article...
က္က