ရိုးမားနည်းပြ မော်ရင်ဟိုကတော့ ပီအက်စ်ဂျီကို ပြောင်းရွှေ့မယ့် သတင်းတွေနဲ့ပတ်သက်လို့ လေဗာကူဆင်နဲ့ပွဲမတိုင်ခင်မှာ အတိအလင်း ငြင်းဆန်သွားခဲ့ပါတယ်။ ရိုးမားဟာ ဒီနေ့ညမှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် လေဗာကူဆင်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။
ဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက သူ့ရဲ့အနာဂတ်အတွက် ပီအက်စ်ဂျီနဲ့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် အခုလိုပဲ ရှင်းလင်းပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုက “တကယ်လို့ ပီအက်စ်ဂျီဘက်က ကျွန်တော့်ဆီ ဖုန်းဆက်လာရင်လည်း သူတို့ ကျွန်တော်နဲ့ တွေ့မှာ မဟုတ်ပါဘူး။ ကျွန်တော်ကလည်း ဖုန်းကိုင်မှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ လက်ရှိနည်းပြ ဂဲလ်တီယာလက်ထက်မှာ အသင်းရဲ့ရလဒ်ပိုင်း မတည်ငြိမ်မှုအပေါ် အားမလိုအားမရဖြစ်နေပါတယ်။ ဒါ့အပြင် ပိုင်ရှင် အယ်လ်ခါလိုင်ဖီ ကာလရှည် စိတ်ကူးယဥ်ခဲ့ရတဲ့ ချန်ပီယံလိဂ်အိပ်မက်တွေက နည်းပြတွေ ဆက်တိုက် ပြောင်းလဲနေသည့်တိုင် အကောင်အထည် မပေါ်လာသေးပါဘူး။
အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီက ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ယူရိုပါကွန်ဖရင့်လိဂ် အစရှိတဲ့ ဥရောပဖလား ရရှိထားတဲ့ မော်ရင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြနေကြတာဖြစ်ပါတယ်။ မော်ရင်ဟိုကိုယ်တိုင်က ဒီလိုမျိုး ငြင်းဆန်ခဲ့ပေမယ့် ရိုးမားမှာ ဆက်ရှိဖို့တော့ မသေချာပါဘူး။
အကြောင်းရင်းကတော့ ရိုးမားရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့်ဖြစ်ပြီး သူ့အတွက် လုံလောက်တဲ့ ပြင်ဆင်အားဖြည့်မှုတွေ ပြုလုပ်ခွင့်မရှိတာကြောင့်လို့ သိရပါတယ်။ ရိုးမားဘက်ကတော့ မော်ရင်ဟို အသင်းမှာပဲ ဆက်ရှိနေမယ်လို့ ယုံကြည်နေပေမယ့် မော်ရင်ဟိုကတော့ လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့ ဘတ်ဂျက် ဘယ်လောက်ရနိုင်၊ မရနိုင်ဆိုတဲ့အပေါ် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်နိုင်ပါတယ်။