စပါးကွင်းလယ်လူဟောင်း ဂျာမိန်းဂျီးနပ်စ်က ပီအက်စ်ဂျီအနေနဲ့ နှစ်တွေပြောင်းသွားလည်း အရင်အတိုင်း မပြောင်းလဲဘဲ ရှိနေဆဲလို့ ဝေဖန်လိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ပီအက်စ်ဂျီတို့ ၄-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
ဒီပွဲရလဒ်ကြောင့် ပီအက်စ်ဂျီတို့ ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ်ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပြီး ဂိုးပြတ်ရှုံးတာကြောင့်လည်း ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် နယူးကာဆယ်က ချန်ပီယံလိဂ်အတွေ့အကြုံနုတဲ့ အသင်းတစ်သင်းဖြစ်ပြီး ပီအက်စ်ဂျီကတော့ ချန်ပီယံလိဂ်ဖလားရဖို့ အရင်ကတည်းက ပစ်မှတ်ထားကြိုးစားခဲ့တာပါ။
ဒါပေမယ့်လည်း ပီအက်စ်ဂျီတို့ နယူးကာဆယ်ကွင်းမှာ ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ဘဲ အခုလိုမျိုး ဆိုးရွားတဲ့ ရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဂျီးနပ်စ်က “အမြင်အရတော့ ပီအက်စ်ဂျီမှာရှိတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေ၊ ပိုပြီးငယ်ရွယ်သွားတဲ့ ကွင်းလယ်တို့ကြောင့် မတူညီတဲ့ ပီအက်စ်ဂျီကို မြင်တွေ့ရမယ်လို့ ထင်ခဲ့တာပါ”
“ဒါပေမယ့် နောက်ထပ်တစ်နှစ်သာ ပြောင်းသွားတယ်၊ အရင်အတိုင်း မပြောင်းလဲတဲ့ ပီအက်စ်ဂျီပါပဲ။ အင်းနရစ်နဲ့ပတ်သက်လို့လည်း တကယ်ကို ရှော့ခ်ရစရာပါပဲ။ ကွင်းလယ်က ပြိုင်ဘက်တွေကို လုပ်ချင်တာ လုပ်ခွင့်ပေးထားပြီး ဗဟိုနောက်ခံလူတွေကလည်း ဘာမှဆုံးဖြတ်ချက်မချနိုင်ခဲ့ပါဘူး” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာတော့ ဒေါ့မွန်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိထားပါတယ်။ ဒါ့အပြင် တစ်ချိန်တည်း ကစားခဲ့တဲ့ အုပ်စုတူပွဲစဉ်မှာ ဒေါ့မွန်နဲ့ အေစီမီလန်တို့ ဂိုးမရှိသရေကျခဲ့တာကြောင့်လည်း ပီအက်စ်ဂျီတို့ အနည်းငယ် သက်သာရာရခဲ့တယ်လို့ ပြောရမှာပါ။