အမ်ဘာပေဟာ လက်ရှိနွေရာသီမှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့အတွက် သတင်းတွေ ထွက်ပေါ်နေပေမယ့် သူ့အနေနဲ့ အသင်းထံကနေ သစ္စာရှိဆုကြေးရရှိမှသာ ထွက်ခွာသွားဖွယ်ရှိကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အမ်ဘာပေဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားမှာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေပါတယ်။
အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီကမှ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် လာမယ့်နွေရာသီ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီး ပီအက်စ်ဂျီဘက်ကလည်း ဒီအပေါ်မှာ ဒေါသထွက်နေပါတယ်။
ဒါပေမယ့်လည်း အဆိုပါ ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်ဟာ လက်ရှိနွေရာသီမှာ ထွက်ခွာဖြစ်ခဲ့ရင်တောင် သစ္စာရှိဆုကြေးရရှိမှသာ ထွက်ခွာသွားမယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ (၂၀၂၄) ခုနှစ်၊ ဇွန်လမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဒီစာချုပ်မှာ ပါဝင်တဲ့ ဆုကြေးငွေပမာဏကို ရရှိမှသာ လက်ရှိနွေရာသီမှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖွယ်ရှိပါတယ်။
ပီအက်စ်ဂျီကတော့ အမ်ဘာပေကို ရောင်းချဖို့ ဆုံးဖြတ်ထားကြောင်း သတင်းထွက်ပေါ်နေပြီး ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀၀) နဲ့အတူ အပိုဆုကြေး ယူရိုသန်း (၅၀) ရရှိမှသာ ရောင်းချသွားမယ်လို့ သိရှိရပါတယ်။ ဒါဟာ ကစားသမားတစ်ယောက်အတွက် ဘောလုံးလောကမှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်လည်း ဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ နေမာကို ခေါ်ယူခဲ့တုန်းကလည်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ယူရို (၂၂၂) သန်းအထိ အသုံးပြုခဲ့ရတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အခုချိန်မှာတော့ အမ်ဘာပေကို လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရရေးအတွက် ကြိုးစားရတော့မှာဖြစ်ပြီး ဒီအတွက်လည်း ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ကို တောင်းဆိုထားတာဖြစ်ပါတယ်။