မက်ဆီဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးတော့မှာမဟုတ်ဘဲ အသင်းကနေ ထွက်ခွာသွားမှာဖြစ်ကြောင်း သတင်းတွေက အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ကစားသမားဟာ လက်ရှိအချိန်မှာ အသင်းနဲ့ နှစ်ပတ်ကြာ ပူးပေါင်းခွင့် ပိတ်ပင်ခံထားရတဲ့ ပြစ်ဒဏ်ကို ချမှတ်ခံထားရပါတယ်။
လော်ရီယန့်နဲ့ပွဲအပြီးမှာ မက်ဆီက အသင်းရဲ့ ခွင့်ပြုချက်မရှိဘဲ ဆော်ဒီအာရေဗျနိုင်ငံကို ခရီးထွက်ခဲ့တာကြောင့် အသင်းဘက်က အခုလိုမျိုး မက်ဆီကို အရေးယူခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် မက်ဆီနဲ့ ပီအက်စ်ဂျီအကြား စာချုပ်သက်တမ်းတိုးတော့မှာ မဟုတ်ဘူးလို့ သတင်းတွေက ဆက်တိုက်ဆိုသလို ဖော်ပြခဲ့ပါတယ်။
တကယ်တမ်းမှာလည်း မက်ဆီက အသင်းမှာ ဆက်ကစားလိုခြင်းမရှိတော့ဘဲ အသင်းနဲ့ စာချုပ်သက်တမ်းမတိုးဖို့ ပြီးခဲ့တဲ့လကတည်းက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါကာလကတော့ ပီအက်စ်ဂျီတို့ ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်မှာ ရှုံးနိမ့်ခဲ့ပြီး ကာလဖြစ်တယ်လို့လည်း ဆိုပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီရဲ့ အားကစားဆိုင်ရာ စီမံကိန်းတွေကို သဘောကျနှစ်သက်ခြင်းမရှိတာကြောင့် အသင်းမှာ နှစ်ရာသီ ဖြတ်သန်းခဲ့ပြီးတဲ့နောက် စာချုပ်သစ်မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့လည်း ပြီးခဲ့တဲ့လကတည်းက မက်ဆီရဲ့အဖေ ဂျော့ချ်မက်ဆီက ပီအက်စ်ဂျီတာဝန်ရှိသူတွေထံ အသိပေးပြီးဖြစ်ပါတယ်။
မက်ဆီဟာ ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်ခဲ့တာကြောင့်လည်း သူ့ရဲ့ မဟာပြိုင်ဘက်ကြီး ရော်နယ်ဒိုရှိရာ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့နိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။ မက်ဆီကို ခေါ်ယူဖို့ ဆော်ဒီကလပ် အယ်လ်ဟီလာက ကမ္ဘာ့စံချိန်တင်ငွေကြေးနဲ့ ကမ်းလှမ်းထားကြောင်း သတင်းတွေ ထွက်ပေါ်နေသလို အသင်းဟောင်း ဘာစီလိုနာကလည်း မက်ဆီကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားလျက်ရှိပါတယ်။