နောက်နှစ် နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့အတွက် သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့ အမ်ဘာပေက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဖြေရှင်းလာခဲ့ပါတယ်။ အမ်ဘာပေဟာ လာမယ့် (၂၀၂၄) ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး သူ့ရဲ့ မူလစာချုပ်မှာ နောက်ထပ်တစ်နှစ် (၂၀၂၅) ခုနှစ်အထိ သက်တမ်းတိုးခွင့် ပါရှိပါတယ်။
ဒါပေမယ့် ကစားသမားအနေနဲ့ အဆိုပါ စာချုပ်ကို သက်တမ်းတိုးလိုခြင်းမရှိဘဲ လာမယ့်နှစ် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လိုနေကြောင်း သတင်းတွေက ဖော်ပြခဲ့တာပါ။ အမ်ဘာပေကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်ဘက်ကလည်း လာမယ့်နှစ်မှာ ပြန်လည် ကြိုးစားသွားမယ်လို့ အတည်ပြုထားပြီး ပီအက်စ်ဂျီဘက်ကတော့ ဒီသတင်းတွေကို ဒေါသထွက်နေပါတယ်။
ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခါလိုင်ဖီကလည်း အမ်ဘာပေကို ဒေါသပေါက်ကွဲနေကြောင်း သိရှိရပြီး လက်ရှိနွေရာသီမှာ ရောင်းချရင် ရောင်းချ ဒါမှမဟုတ် လာမယ့်နွေမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုအချိန်မျိုးမှာပဲ အမ်ဘာပေက သူ့အနာဂတ်နဲ့ ပတ်သက်လို့ ဖွင့်ဟလာခဲ့တာပါ။
အမ်ဘာပေက “ဒါတွေက အလိမ်အညာတွေပါ။ တစ်ချိန်တည်းမှာပဲ ဒီပုံပြင်ကြီးက ပိုကြီးသထက် ကြီးလာခဲ့ပါတယ်။ ကျွန်တော် ပီအက်စ်ဂျီမှာ လာမယ့်ရာသီ ဆက်ရှိမယ်ဆိုတာကို ပြောခဲ့ပြီးသားပါ။ ဒီမှာလည်း ကျွန်တော် ပျော်ရွှင်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေရဲ့ ဒီပြောစကားထဲမှာတော့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့်အကြောင်း မပါဝင်ခဲ့ပါဘူး။
အဲ့ဒါကြောင့်လည်း အမ်ဘာပေရဲ့အနာဂတ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အနေအထားမှာ ရှိနေဆဲဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ လက်ရှိအချိန်မှာ မက်ဆီကို လက်လွှတ်လိုက်ရပြီဖြစ်သလို နေမာကိုလည်း ဆုံးရှုံးရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုအချိန်မျိုးမှာ အမ်ဘာပေကိုပါ ထပ်မံလက်လွှတ်ရမယ်ဆိုရင်တော့ အသင်းရဲ့ပုံရိပ်အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လာမှာ သေချာပါတယ်။