ခီလီယန် အမ်ဘာပေက နောက်အကျဆုံးအနေနဲ့ လာမယ့် ၂၀၂၄ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ စပိန်သတင်းဌာန Diario AS က ဖော်ပြခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အလွတ်နဲ့ ပြောင်းရွှေ့မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရပေမယ့်လည်း ပီအက်စ်ဂျီအသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ အခြား နာမည်ကျော်ပုဂ္ဂိုလ်တွေက အမ်ဘာပေကို ပီအက်စ်ဂျီအသင်းမှာ ဆက်နေအောင် ကြိုးပမ်းခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကတော့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတာကြောင့် ဒေါသထွက်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးကို စိတ်ဝင်စားမှုကတော့ အဆုံးသတ်သွားခြင်း မရှိခဲ့ဘဲ လာလီဂါထိပ်သီးအသင်းကြီးဟာ ပြင်သစ်တိုက်စစ်မှူး အသင်းကနေ ထွက်ဖို့ ဆုံးဖြတ်တာနဲ့ ခေါ်ယူသွားမှာဖြစ်တယ်လို့ ဇန်နဝါရီလတုန်းက The Athletic က ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာတော့ ပီအက်စ်ဂျီကြယ်ပွင့်ဟာ လီဂူးဝမ်း ချန်ပီယံတွေကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ The Athletic က ဖော်ပြခဲ့ပြီး အမ်ဘာပေက ရီးရဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူတွေကို တတ်နိုင်သမျှ စောစော ဘာနေဗျူးကို ပြောင်းရွှေ့လာချင်တဲ့ဆန္ဒကို အသိပေးခဲ့တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းက အမ်ဘာပေကို ယခုနွေရာသီမှာ အသင်းပြောင်းရွှေ့ခွင့်ပေးသွားလိုတဲ့ဆန္ဒမရှိတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြင်သစ်တိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၄ ခုနှစ်အထိ စောင့်ဆိုင်းရဖွယ်ရှိနေတယ်လို့ သိရပါတယ်။