ပီအက်စ်ဂျီတိုက်စစ်ကြယ်ပွင့် အမ်ဘာပေက သူ့အနေနဲ့ အသင်းမှာ စာချုပ်သက်တမ်းတိုးမှာ မဟုတ်ဘူးလို့ အသင်းထံ အသိပေးခဲ့ပြီး ပီအက်စ်ဂျီတာဝန်ရှိသူတွေကတော့ ဒီအပေါ်မှာ အံ့အားသင့်နေကြပါတယ်။ အမ်ဘာပေဟာ လာမယ့် (၂၀၂၄) ခုနှစ်၊ ဇွန်လအထိ အသင်းနဲ့ စာချုပ်သက်တမ်းရှိနေဆဲ ကစားသမားဆိုပေမယ့် အခုလိုပဲ အသိပေးခဲ့တာပါ။
အသက် (၂၄) နှစ်အရွယ် အမ်ဘာပေဟာ ပြီးခဲ့တဲ့ နွေရာသီမှာကတည်းက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ပီအက်စ်ဂျီမှာ ဆက်နေဖို့ ရွေးချယ်ခဲ့တာပါ။ ဒါပေမယ့် မက်လုံးကြီးမားတဲ့ ငွေကြေးပမာဏနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် အမ်ဘာပေ ကိုယ်တိုင်လည်း ပီအက်စ်ဂျီမှာ မပျော်မရွှင်ဖြစ်ခဲ့ရပါတယ်။
အမ်ဘာပေရဲ့ မူလစာချုပ်မှာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ရှိနေပေမယ့် အမ်ဘာပေကတော့ ဒီစာချုပ်ကို (၂၀၂၅) ခုနှစ်အထိ သက်တမ်းတိုးမှာ မဟုတ်ကြောင်း အသင်းထံ အသိပေးခဲ့တာပါ။ အဲ့ဒါကြောင့် ပီအက်စ်ဂျီအနေနဲ့ လက်ရှိနွေရာသီမှာ အမ်ဘာပေကို မရောင်းချဘူးဆိုရင် လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖွယ်ရှိပါတယ်။
ပီအက်စ်ဂျီဟာ အမ်ဘာပေအတွက် မြင့်မားတဲ့ လစာငွေပမာဏကို ပေးချေခဲ့သလို အသင်းရဲ့ ကစားသမားခေါ်ယူမှုမှာလည်း အမ်ဘာပေအတွက် ပြင်သစ်သားတွေကို ပိုမို ဦးစားပေးခေါ်ယူဖို့ စီစဥ်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းပရိသတ်တွေနဲ့လည်း ရင်းနှီးမှု ပိုမိုရရှိအောင် ဖန်တီးပေးခဲ့ပြီး အမ်ဘာပေကတော့ ပီအက်စ်ဂျီကို အခုလိုမျိုး ကျေးဇူးဆပ်ခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကလည်း လာမယ့်နွေရာသီမှာ အမ်ဘာပေကို ခေါ်ယူမှာဖြစ်ကြောင်း အသင်းဥက္ကဌ ပီရက်ဇ်ကိုယ်တိုင်က ပြောကြားခဲ့ဖူးပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက် ဆန္ဒရှိနေဆဲဖြစ်တာကြောင့် ပီအက်စ်ဂျီအနေနဲ့ အမ်ဘာပေ၊ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပညာပြခြင်းကို ခံလိုက်ရပြီလို့ပဲ ဆိုရတော့မှာပါ။