အာဆင်နယ်ကစားသမားဟောင်းလည်းဖြစ်၊ ရုပ်သံဝေဖန်သုံးသပ်သူလည်းဖြစ်တဲ့ ပေါလ်မာဆင်က ရော်နယ်ဒိုကို ပီအက်စ်ဂျီပြောင်းရွှေ့ဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ အဆိုပါ ယူနိုက်တက်တိုက်စစ်မှူးဟာ လက်ရှိနွေရာသီမှာတင် အသင်းကနေထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒီကစားသမားဟာ ချန်ပီယံလိဂ်ကစားချင်တာ၊ ကစားသမားဘဝ အနားမယူခင် အောင်မြင်မှုတွေရယူလိုတာကြောင့် အခုလိုပဲ ယူနိုက်တက်ကနေ ထွက်ခွင့်တောင်းခဲ့တာပါ။ အသက် (၃၇) နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်ကိုခေါ်ယူဖို့ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က ရော်နယ်ဒိုကို အသက်ကြီးလွန်းနေပြီလို့ ပြောကြားထားသလို ချဲလ်ဆီးဘက်မှာလည်း နည်းပြတူဟယ်လ်က သူ့နည်းစနစ်နဲ့မကိုက်တဲ့ရော်နယ်ဒိုကို အရိပ်အယောင်တောင်မပြဘူးလို့ သိရှိရပါတယ်။ ပေါလ်မာဆင်ကတော့ ရော်နယ်ဒိုရဲ့ အသင်းသစ်နဲ့ ပတ်သက်လို့ အခုလိုပဲ အကြံပေးလိုက်ပါတယ်။
“ရော်နယ်ဒိုအနေနဲ့ လက်ရှိနွေရာသီမှာ မက်ဆီရှိနေတဲ့ ပီအက်စ်ဂျီကို သွားကစားပြီး ဘောလုံးလောကရဲ့ အိပ်မက်အသင်းတသင်း အကောင်အထည်ပေါ်လာအောင် လုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော့်အထင်တော့ တန်ဟက်ခ်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေက ရော်နယ်ဒို ယူနိုက်တက်ကနေ မထွက်မချင်း အစပြုနိုင်မှာ မဟုတ်ပါဘူး”
“နောက်ပြီး ရော်နယ်ဒိုက အိုးထရက်ဖို့ဒ်မှာ ဆုဖလားတွေ ဆွတ်ခူးနေတာလည်း မဟုတ်ပါဘူး။ ဒီတော့ ဘာလို့ ဆက်နေဦးမှာလဲ? သူ့အတွက် ကြီးမားတဲ့အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ အချိန်အများကြီး မကျန်တော့ပါဘူး။ သူ့ကို ပီအက်စ်ဂျီမှာ မက်ဆီနဲ့အတူရှိနေမယ်လို့ စိတ်ကူးယဥ်ကြည့်လိုက်ပါ။ သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာကြာအောင် ပြိုင်ဘက်တွေအဖြစ်ရှိခဲ့ပြီးပါပြီ”
“ဒီတော့ သူတို့ရဲ့ ကစားသမားဘဝအဆုံးသတ်မှာ အသင်းဖော်တွေအဖြစ် မြင်တွေ့ရတာ ပျော်စရာကောင်းပါလိမ့်မယ်” လို့ ပေါလ်မာဆင်က သူ့ရဲ့ ဒေးလီးစတားကော်လံမှာ ရေးသားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့နွေရာသီမှာ မက်ဆီကိုခေါ်ယူခဲ့ပြီးနောက် ရော်နယ်ဒိုကို ဆက်လက်ခေါ်ယူဖို့ ဆန္ဒရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း လက်ရှိအနေအထားအရတော့ ပီအက်စ်ဂျီအနေနဲ့ ရော်နယ်ဒိုကိုခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေနည်းပါးလွန်းနေပါတယ်။