နေမာကို ရီးရဲလ်ပြောင်းခွင့်ရဖို့ ကစားသမားရဲ့အဖေက ကြိုးစားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်အစောပိုင်းမှာ နေမာရဲ့ဖခင်ဖြစ်သူဟာ ရီးရဲလ်မက်ဒရစ် အမှုဆောင်အရာရှိချုပ် ဟိုဆေးအိန်ဂျယ်လ်ဆန်းချက်ဇ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရှိရပါတယ်။ ဒီလိုတွေ့ဆုံတဲ့နေရာမှာ သူ့သားရဲ့အနာဂတ်အတွက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့စေဖို့ နေမာရဲ့ ဖခင်က ဆန္ဒရှိခဲ့ပါတယ်။



ဒါ့အပြင် ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးကလည်း ရီးရဲလ်မက်ဒရစ်ကိုသာ ပြောင်းရွှေ့ခွင့်ရမယ်ဆိုရင် လစာငွေအများအပြားလျှော့ယူပြီး ပြောင်းရွှေ့ဖို့ အဆင်သင့်ရှိခဲ့တာပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ နေမာကိုခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရှိရပါတယ်။

ချန်ပီယံလိဂ်ဖလား (၁၄) ကြိမ်ရရှိထားတဲ့ ဒီအသင်းဟာ ပီအက်စ်ဂျီကစားသမားတွေကို ခေါ်ယူစာချုပ်ချုပ်ဆိုဖို့၊ ပဲရစ်မြို့ခံကလပ်အသင်းနဲ့ စကားပြောဆွေးနွေးမှုတွေပြုလုပ်ဖို့ စိတ်မဝင်စားဘူးလို့ သိရှိရပါတယ်။ ဒါဟာ အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်ခဲ့တာကြောင့်ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ရပါတယ်။ ဒီသတင်းကိုတော့ ဆီရိုလိုပက်ဇ်က ဖော်ပြခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ အမ်ဘာပေကို အရခေါ်ယူနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီက အမ်ဘာပေကို အသင်းမှာဆက်ထိန်းထားဖို့ ဘက်ပေါင်းစုံကနေ ဖိအားပေးကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ ကမ္ဘာ့ချန်ပီယံကစားသမားက အသင်းနဲ့ပဲ (၂၀၂၅) အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ ဒီအပေါ်မှာ ရီးရဲလ်မက်ဒရစ်ဘက်က အခဲမကျေနိုင်ဖြစ်နေသေးပုံရပြီး အမ်ဘာပေကို တသက်လုံးခေါ်ယူဖို့ မကြိုးစားတော့ဘူးလို့လည်း ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်က အရိပ်အမြွက် ဖွင့်ဟခဲ့ဖူးပါတယ်။

ပီအက်စ်ဂျီကလည်း နေမာကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းရဲ့ သူ့အပေါ်ထားရှိတဲ့ သဘောထားကို စိတ်ပျက်နေတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဘက်ကတော့ အခုချိန်မှာ ပီအက်စ်ဂျီကစားသမားဆိုရင် အလကားရရင်တောင် မခေါ်ဖို့ ဆုံးဖြတ်ထားဟန်ရှိပါတယ်။ 

Share

Loading Next Article...
က္က