မနေ့က ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာတော့ ပီအက်စ်ဂျီတို့ အဝေးကွင်းမှာ သရေတမှတ်ရဖို့ တော်တော်လေးရုန်းကန်သွားခဲ့ရပါတယ်။ ပြိုင်ဘက်အသင်းရဲ့ မိနစ် ၄၀ မှာ သွင်းယူခဲ့တဲ့ဂိုးကို ပွဲပြီးခါနီးမှ ပြန်ချေပနိုင်ခဲ့လို့ ရှုံးပွဲမတွေ့ခဲ့တာဖြစ်ပြီး ပိုချက်တီနိုရဲ့အသင်းဟာ နေမာ၊ ဘတ်ပီတို့ မကစားနိုင်ချိန်မှာ မက်ဆီတဦးတည်းအားနဲ့ တော်တော်လေးညှစ်ကန်ခဲ့ရပါတယ်။
ဘတ်ပီကတော့ ပွဲပယ်ခံထားရတာဖြစ်ပြီး နေမာက ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။ ဒီအတွက် တိုက်စစ်ပိုင်းမှာ မက်ဆီ၊ ဒီမာရီယာနဲ့ အီကာဒီတို့ကို ပိုချက်တီနိုက အသုံးပြုခဲ့ရပါတယ်။ ဒီပွဲမှာလည်း မက်ဆီတယောက် ဂိုးပေါက်ထပ်ပျောက်ခဲ့ပြီး လီဂူးမှာတော့ ၁၀ ပွဲကစားပြီးချိန်ထိ တဂိုးတည်းသာ သွင်းယူနိုင်ခဲ့ကာ သူ့ရဲ့ခြေစွမ်းက မေးခွန်းထုတ်စရာတော့ ရှိလာခဲ့ပါတယ်။
သူက ဂိုးဖန်တီးမှု ၅ ကြိမ်တော့ ပြုလုပ်ထားနိုင်ပေးမယ့်လည်း သူ့ဆီကနေ ပီအက်စ်ဂျီမျှော်လင့်ထားတာရဲ့ အနည်းဆုံးအနေအထားမှာသာ ရှိနေတာဖြစ်ပါတယ်။ အာဂျင်တီးနားသားရဲ့ ကွင်းတွင်းကစားဟန်ဟာ လုံလောက်မှုမရှိဘူးလို့ မက်ဆီကို ဝေဖန်မှုတွေအပေါ်မှာ နည်းပြပိုချက်တီနိုနဲ့ အသင်းအားကစားဒါရိုက်တာလီယိုနာဒိုတို့က ကာကွယ်ပြောဆိုပေးနေရပါတယ်။
ဘတ်ပီနဲ့ နေမာတို့မပါဝင်ချိန်မှာတော့ မက်ဆီဟာ ပီအက်စ်ဂျီမှာ အကြီးမားဆုံးစမ်းသပ်မှုကို ရင်ဆိုင်ခဲ့ရပြီး မကျော်လွှားနိုင်ခဲ့တာတော့ အမှန်ပဲဖြစ်ပါတယ်။ သူ့ရဲ့ တကိုယ်တော်ခြေစွမ်းအရ အပြစ်ဆိုစရာမရှိတာမှန်ပေမယ့်လည်း အရေးပါတဲ့ သွင်းဂိုးတွေမသွင်းယူနိုင်သရွေ့တော့ ဖိအားတွေက ရှိနေဦးမှာသေချာပါတယ်။ အထင်ရှားဆုံးကတော့ သူ ပီအက်စ်ဂျီမှာ ထင်မှတ်သလို စွမ်းဆောင်ထားနိုင်ခြင်းမရှိသေးဘူးဆိုတဲ့ အချက်ပါပဲ။