ပြင်သစ်ပြန်ရောက်ရင် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

အာဖရိကဖလားပြိုင်ပွဲမှာ အလွတ်တည်ကန်ဘောကနေ ဂိုးတွေရယူနေတဲ့ မော်ရိုကိုနောက်ခံလူဟာကီမီက ကလပ်အသင်းပီအက်စ်ဂျီမှာလည်း အလွတ်တည်ကန်ဘောတွေ ကန်သွင်းခွင့်ရဖို့အတွက် ကြိုးစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဟာကီမီဟာ မော်ရိုကိုအတွက် ၂ပွဲဆက်တိုက် ဂိုးသွင်းခဲ့ရာမှာ အလွတ်တည်ကန်ဘောတွေက ရယူနိုင်ခဲ့တာဖြစ်ပြီး ချီးကျူးခံနေရသူဖြစ်ပါတယ်။ 

ဒါပေမယ့် ပီအက်စ်ဂျီမှာ မက်ဆီ၊ နေမာနဲ့ ဘတ်ပီတို့လို ဆရာကြီးတွေက အလွတ်တည်ကန်ဘောကန်သွင်းခွင့်ကို ရရှိထားပြီး ဟာကီမီအတွက်တော့ အခွင့်အရေးနည်းပါးနေခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နျစ်အရွယ် နောက်ခံလူဟာ ဂိုးသွင်းအားကောင်းတဲ့ နောက်ခံလူတဦးဖြစ်ပြီး ပီအက်စ်ဂျီအတွက် ဒီရာသီမှာ ၃ ဂိုးသွင်းယူပေးထားပါတယ်။ 

ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဟာကီမီက လီဂူးမှာ အလွတ်တည်ကန်ဘောတွေ သူ ကန်သွင်းမှာလားဆိုတဲ့ မေးခွန်းကို "ပဲရစ်မှာတော့ အလွတ်တည်ကန်ဘောတွေ ကန်သွင်းမယ့်သူတွေက အများကြီးဗျ၊ မက်ဆီ၊ နေမာ၊ ဘတ်ပီတို့ရှိတယ်ဗျာ၊ ကျနော် ကြိုးစားမှာပါ၊ အဲဒါက ခက်တော့ခက်ခဲမယ်ဆိုတာ သိတယ်၊ ကျနော်ပြန်ရောက်ရင်လည်း သူတို့နဲ့ ဆွေးနွေးသွားမှာပါ"

"အခုတော့ လက်ရွေးစင်အသင်းအတွကပဲ အာရုံစိုက်နေပါတယ်၊ ဒါပေမယ့် ရှေ့ဆက်ပြီး ပဲရစ်မှာ ဘာတွေဖြစ်လာမလဲ ကြည့်ရတာပေါ့" လို့ ပြောဆိုခဲ့ပါတယ်။ ဟာကီမီဟာ ဒေါ့မွန်၊ ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်တို့မှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပြီး ဒီရာသီကမှ ပီအက်စ်ဂျီကိုရောက်ရှိခဲ့ကာ အဓိကနောက်ခံလူအဖြစ် ပါဝင်ခွင့်ရရှိနေပါတယ်။ 

Share

Loading Next Article...
က္က