မက်ဆီက ရော်နယ်ဒိုရဲ့ဂျာစီရောင်းအားကို လွတ်လွတ်ကျွတ်ကျွတ် ကျော်ဖြတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မက်ဆီရဲ့ ပီအက်စ်ဂျီဂျာစီ ရောင်းချရမှုနှုန်းက စံချိန်တင်ခဲ့ပြီး ပီအက်စ်ဂျီအတွက် ပေါင်သန်း (၆၀၀) ဝန်းကျင်အထိ ရှာဖွေပေးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ မက်ဆီဟာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ရောက်ရှိလာပြီး ပထမဆုံးရာသီမှာတင် အခုလိုမျိုး စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။



ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မက်ဆီရဲ့ ဂျာစီရောင်းအားက အခြားသော ဘယ်ကစားသမားထက်မဆို ပိုမိုများပြားခဲ့ပြီး အခုလိုမျိုး ပီအက်စ်ဂျီအတွက်ပါ စံချိန်တင်သွားခဲ့တာပါ။ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုရဲ့ဂျာစီက ဒီတရာသီအတွင်း ပေါင် (၁၈၇) သန်းဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ ဒါကလည်း ပြောစမှတ်တွင်လောက်တဲ့ ဂျာစီရောင်းအားပါ။

ဒါပေမယ့် မက်ဆီရဲ့ ကျောနံပါတ် (၃၀) ဂျာစီရောင်းအားက ရော်နယ်ဒိုရဲ့ဂျာစီရောင်းအားကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ ကျောနံပါတ်နဲ့ နာမည်ပါ ပီအက်စ်ဂျီဂျာစီက စတင်ရောင်းချခဲ့တဲ့ တနာရီအတွင်းမှာတင် ယူရို (၁) သန်းဖိုး ရောင်းချခဲ့ရတာပါ။ ဒါ့အပြင် ဒီလိုမျိုး အားပေးမှုများပြားခဲ့တာကြောင့် မက်ဆီရဲ့ဂျာစီကို အချိန်မှီပြန်လည်ဖြည့်တင်းပေးဖို့ အသည်းအသန်ကြိုးစားခဲ့ရပါတယ်။

ပီအက်စ်ဂျီရဲ့မိတ်ဖက်ဆိုင်ရာအရာရှိ မက်အမ်းစထရောင်းက “ဝယ်လိုအားက (၃၀) ကနေ (၄၀) ရာခိုင်နှုန်းအထိကို ထောင်တက်သွားခဲ့ပြီး စျေးကွက်ထဲမှာ ပစ္စည်းအရေအတွက်ကို အချိန်မှီပြန်လည်ဖြည့်ဆည်းပေးဖို့တောင် မလုပ်နိုင်ခဲ့ပါဘူး။ တကယ်ကို မိုးထိအောင် ထောင်တက်သွားတဲ့ပမာဏပါ” လို့ ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ မက်ဆီကိုခေါ်ယူခဲ့ပြီးနောက် အခုလိုမျိုး အသင်းဂျာစီရောင်းအားရဲ့ (၆၀) ရာခိုင်နှုန်းအဖြစ် မက်ဆီရဲ့ဂျာစီကို ရောင်းချနိုင်ခဲ့သလို မက်ဆီရောက်ရှိလာပြီးမှ စပွန်ဆာစာချုပ်သစ် (၁၀) ခုအထိ ရရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က