အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုချင်တယ်ဆိုရင် အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ မဖြစ်မနေ အနားယူရနိုင်တယ်လို့ လူဒိုဗစ် ဂျူလီရဲ့ ပြောကြားချက်အရ သိရပါတယ်။
လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက ကာတာမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ၎င်းရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတလျှောက်လုံး ရှောင်ပုန်းနေခဲ့တဲ့ အဓိကဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘလွန်ဒေါ ၇ ဆုရှင်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဘောလုံးဆု ရရှိစေခဲ့တဲ့ တောက်ပတဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပြီး သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ ဗိုလ်လုပွဲမှာ ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လက်ရွေးစင်အသင်းကနေ အနားယူမယ့်သတင်းတွေကို ငြင်းပယ်သွားခဲ့ပြီး အာဂျင်တီးနားလက်ရွေးစင်နည်းပြ စကာလိုနီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပီအက်စ်ဂျီကြယ်ပွင့်ကို ပါဝင်ကစားပေးစေချင်နေတာဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ယခုလာမယ့်နွေရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိမှာ ကစားသမားနဲ့ အသင်းကြား စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ပီအက်စ်ဂျီကြယ်ပွင့်ဟောင်း ဂျူလီက မက်ဆီရဲ့ လက်ရွေးစင်အသင်းအတွက် နှစ်မြှုပ်ကစားပေးမှုက စာချုပ်သက်တမ်းတိုးဖို့ကိစ္စမှာ ပြဿနာဖြစ်လာနိုင်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ "လီယိုအနေနဲ့ ပွဲစဉ်တွေအားလုံးကို ကစားပေးနိုင်တော့မှာမဟုတ်ဘူးဆိုတာကို သတိပြုမိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ တစ်ခါတလေ ဥပမာအားဖြင့် ချန်ပီယံလိဂ်ပွဲမတိုင်ခင်မှာ အနားယူဖို့ လိုအပ်မှာပါ။ အငြင်းအခုံဖြစ်ခဲ့တဲ့ ၃ ပွဲလိုမျိုး စည်းချက်ကို ကျွန်တော်မြင်နိုင်ပြီး အဲဒီအခါကျရင် တစ်ယောက်ကတော့ အနားယူဖို့ လိုပါတယ်။ လီယိုကတော့ သူ အာဂျင်တီးနားနဲ့အတူ ကစားချင်သေးတယ်လို့ ပြောမှာဖြစ်ပြီး အဲဒါက ပြဿနာဖြစ်နိုင်ပါတယ်"
"အသက်အရွယ်တစ်ခုကို ရောက်ပြီးတဲ့နောက်မှာ ခင်ဗျား ခရီးရှည် လေယာဉ်စီးရလို့ မောပန်းမှုကနေ ပြန်ကောင်းလာဖို့က အများကြီး နည်းပါးလာမှာပါ။ သူ ဘောလုံးဆက်ကစားဖို့ လက်ရွေးစင်အသင်းကို လက်လွှတ်သင့်လားဆိုရင် ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီအကြောင်းကို ပြောရမှာပါ"လို့ ပြောကြားခဲ့ပါတယ်။