အင်စတာဂရမ်စတိုရီမှာ မက်ဆီက တောင်းပန်ခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်ကြယ်ပွင့် မက်ဆီဟာ ပီအက်စ်ဂျီရဲ့ လေ့ကျင့်ခန်းအစီအစဥ်ကို လွဲချော်ပြီး ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်ခဲ့တဲ့အပေါ် လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့ပါတယ်။ မက်ဆီဟာ ဒီလိုမျိုး တောင်းပန်တဲ့ဗီဒီယိုကို သူ့ရဲ့ အင်စတာဂရမ် story မှာ တင်ထားခဲ့တာပါ။



မက်ဆီဟာ လော်ရီယန့်ကို ၁-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး နောက်တစ်ရက်မှာ ဆော်ဒီအာရေဗျနိုင်ငံကို မိသားစုနဲ့အတူ ခရီးထွက်သွားခဲ့ပါတယ်။ ဒီခရီးစဥ်ကြောင့် မက်ဆီက အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဥ်ကို လွဲချော်ခဲ့ပြီး ပီအက်စ်ဂျီဘက်က သူ့ကို အသင်းနဲ့ ပူးပေါင်းခွင့် (၂) ပတ် ပိတ်ပင်တဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

မက်ဆီကိုယ်တိုင်ကတော့ အသင်းကို အကြောင်းကြားပြီးဖြစ်တာကြောင့် လော်ရီယန့်နဲ့ပွဲအပြီးမှာ နည်းပြဘက်က အားလပ်ရက်လျှော့ချလိုက်တဲ့အ‌‌ပေါ် မသိရှိဘဲ အခုလို သွားခဲ့တာဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒီကြားထဲမှာလည်း ပီအက်စ်ဂျီအမာခံပရိသတ်တွေက မက်ဆီကို အသင်းကနေ ထွက်သွားဖို့ ဆဲဆိုဆန္ဒပြခဲ့ကြပါသေးတယ်။

လက်ရှိအချိန်မှာ မက်ဆီက “ပွဲပြီးရင် ထုံးစံအတိုင်းပဲ ကျွန်တော်တို့ အားလပ်ရက်ရမယ်လို့ ကျွန်တော် စဥ်းစားခဲ့တာပါ။ ကျွန်တော် ဒီခရီးစဥ်ကို ကြိုတင်စီစဥ်ခဲ့တာဖြစ်ပြီး မဖျက်သိမ်းနိုင်ခဲ့ပါဘူး။ အရင်ကဆိုရင်တော့ ဒါကို ဖျက်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အသင်းဖော်တွေကိုလည်း တောင်းပန်ပါတယ်။ အသင်းဘက်က ကျွန်တော်နဲ့ပတ်သက်လို့ လုပ်ချင်တာတွေကိုလည်း ကျွန်တော် စောင့်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီက ဆော်ဒီအာရေဗျနိုင်ငံကို ခရီးသွားသံတမန်အဖြစ် သွားရောက်ခဲ့တာဖြစ်ပြီး ဒါက သူ့အတွက် ဆော်ဒီအာရေဗျနိုင်ငံကို (၃) ကြိမ်မြောက် သွားရောက်ခဲ့တာပါ။ မက်ဆီအနေနဲ့ အခုလိုမျိုး ပြန်တောင်းပန်ခဲ့ပေမယ့် လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီကနေ ထွက်ခွာမယ့် အစီအစဥ်က အပြောင်းအလဲမရှိဘဲ အသင်းနဲ့ စာချုပ်သက်တမ်းမတိုးမှာ သေချာနေဆဲလို့ မီဒီယာတွေက ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က