ချန်ပီယံလိဂ်ပွဲတွေအကြောင်းနဲ့ပတ်သက်လို့ မော်ရင်ဟိုက ပြောပြခဲ့တာပါ။

ရိုးမားနည်းပြ မော်ရင်ဟိုကတော့ ပြီးခဲ့တဲ့ကြားရက်မှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ပွဲစဥ်တွေအကြောင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအကြောင်းကို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ရိုးမားဟာ ယူရိုပါကွန်ဖရင့်လိဂ်မှာ ဝင်ရောက်ယှဥ်ပြိုင်ကစားနေရပြီး အုပ်စုဗိုလ်အဖြစ်နဲ့ (၁၆) သင်းအဆင့်ကို တက်ရောက်ထားတာဖြစ်ပါတယ်။



မော်ရင်ဟိုကတော့ ဒီလိုမျိုး ဥရောပရဲ့ တတိယတန်းလိဂ်မှာ ကစားနေရတဲ့အပေါ် စိတ်ပျက်ခြင်းမရှိသလို ချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာ ပြန်လည်ယှဥ်ပြိုင်ခွင့်ရဖို့အတွက်လည်း လွမ်းဆွတ်တမ်းတနေတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ မော်ရင်ဟိုက “ကျနော့်ဘဝမှာ ချန်ပီယံလိဂ်ပွဲပေါင်း (၁၅၀) လောက် ကစားပြီးပါပြီ။ ဒီအတွက် ကျနော်က အခွင့်ထူးခံဖြစ်ခွင့်ရခဲ့ပါပြီ”

“အခုချိန်မှာ ကျနော်က ယူရိုပါလိဂ် ဒါမှမဟုတ် ယူရိုပါကွန်ဖရင့်လိဂ်မှာ ကစားနေရလို့ဆိုပြီး မငိုကြွေးနေနိုင်ပါဘူး။ အတိတ်ကိုလည်း လွမ်းဆွေးတသသမဖြစ်နေပါဘူး။ နောက်ပြီးတော့ဗျာ... ချန်ပီယံလိဂ်မှာလည်း အရမ်းကောင်းတဲ့ ပွဲတွေအများကြီးကို ကျနော်မတွေ့ရတော့ပါဘူး”

“ပီအက်စ်ဂျီနဲ့ရီးရဲယ်မက်ဒရစ်ပွဲလား? ကျနော် အဲ့ဒီပွဲကို မကြိုက်ပါဘူး။ ဒါပေမယ့် အင်တာမီလန်နဲ့လီဗာပူးပွဲကတော့ ပွဲကောင်းတပွဲပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုပြောတဲ့ပုံအရတော့ သူ့ရဲ့အသင်းဟောင်းလည်းဖြစ်၊ လက်ရှိ စီးရီးအေမှာ ပြိုင်ဘက်အသင်းလည်းဖြစ်နေတဲ့ အင်တာမီလန်တို့ လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့အပေါ် မော်ရင်ဟိုက ကျေနပ်နေပုံရတယ်လို့ ပရိသတ်အချို့က ယူဆနေပါတယ်။

မော်ရင်ဟိုဟာ ပေါ်တိုနဲ့အတူ ချန်ပီယံလိဂ်ဖလားကို အံ့အားသင့်ဖွယ် ရယူပြခဲ့ပြီးနောက် အင်္ဂလန်၊ အီတလီနဲ့ စပိန်မြေတို့မှာ အောင်မြင်တဲ့ နည်းပြဘဝတွေကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုဟာ အင်တာမီလန်နဲ့အတူ ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

မော်ရင်ဟိုဟာ အင်တာမီလန်ကို ချန်ပီယံလိဂ်ဖလားအပါအဝင် တရာသီအတွင်း ဆုဖလားသုံးလုံးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒါဟာ အီတလီ ဘောလုံးလောကသမိုင်းတလျှောက်အတွက် အင်တာမီလန်က ပထမဆုံးနဲ့ အခုချိန်ထိကို တရာသီအတွင်း ဆုဖလားသုံးလုံးဆွတ်ခူးနိုင်တဲ့အသင်းအဖြစ်လည်း ရပ်တည်လျက်ရှိနေပါတယ်။ 

Share

က္က